နေပြည်တော် ဒီဇင်ဘာ ၃၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ 

 

မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၀ ရက်တွင် ကျောက်ဆည်မြို့နယ်အတွင်း၌ တရားမဝင် တူးဖော်ထုတ်လုပ်ထားသည့် ထုံးကျောက်ဟုယူဆရသော လမ်းခင်းကျောက် တစ်ကျင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀) နှင့် အဆိုပါလမ်းခင်းကျောက်များ တင်ဆောင်လာသည့် Forland Dump Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ် နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ငါးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၀၂၀၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်တူးဖော်မှုများနှင့် လိုင်စင်မဲ့ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းရမိခဲ့မှုကြောင့် တရားမဝင်ဆောင်ရွက်မှုများကို ပိုမိုတားဆီးထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ 

 

သတင်းစဉ်