ဂျေရုဆလင်     ဒီဇင်ဘာ     ၃၀

အစ္စရေးနိုင်ငံတောင်ပိုင်းရှိ  အက်ရှ်လန် ဆိုလာဓာတ်အားပေးစက်ရုံတွင် ဆိုလာစွမ်းအင်ထုတ်လွှတ်ရေးစက်ရုံတစ်ခုကို ထပ်မံတည်ထောင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက   ဒီဇင်ဘာ   ၂၈  ရက်တွင် ပြောကြားသည်။

ယခုတည်ထောင်မည့် စက်ရုံသည် အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အား ၈၀ မီဂါဝပ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

၎င်းစက်ရုံတည်ထောင်ရေး စီမံချက်အပြင် လျှပ်စစ်ဓာတ်အား  ၄၀၀  မီဂါဝပ် ထုတ်လွှတ်မည့်  ဘက်ထရီစနစ်တစ်ခုကိုလည်း စတင်ဆောင်ရွက်မည်ဖြစ်သည်။ ၎င်းစနစ်အရ  နေ့အချိန်တွင် ရရှိသည့်  နေရောင်ခြည်စွမ်းအင်များကို  သိုလှောင်ထားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်သည့်  ညအချိန်နှင့်  လိုအပ်သည့်အချိန်များတွင်   ရယူသုံးစွဲနိုင်မည်ဖြစ်သည်။  ၎င်းစီမံကိန်းသည်   အစ္စရေးနိုင်ငံ၏ သန့်ရှင်းသည့် စွမ်းအင်အသုံးပြုမှုမြှင့်တင်ရေးဆောင်ရွက်ချက်ကို  မြှင့်တင်သည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လေထုညစ်ညမ်းခြင်းကို လျှော့ချနိုင်မည်ဟု သိရသည်။ အစ္စရေးသည်  ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု  ၃၀  ရာခိုင်နှုန်းကို  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ရယူရန်   ရည်မှန်းထားကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ