ဗီယင်ကျန်း ဒီဇင်ဘာ ၃၀
လာအို-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၅)ကို ဖွင့်လှစ်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို မြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံသားများကြား ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဗူအမ်ခမ်ပြည်နယ်နှင့် လာအိုနိုင်ငံ ဗိုလီခန်ဆေပြည်နယ်တို့ကို ဆက်သွယ်ထားသည့် ၎င်းတံတားကို ဒီဇင်ဘာ ၂၅ ရက်က ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံအကြား အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် သမိုင်းဝင်ဆောင်ရွက်ချက်ဖြစ်သည်။ ၎င်းချစ်ကြည်ရေးတံတားစီမံကိန်းအရ မိမိတို့နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းနှင့် နိုင်ငံသားများကြား ပူးပေါင်းဆောင်ရွက်ရေးအတွက်အာသီသကိုပြသခဲ့ကြောင်း လာအိုဝန်ကြီးချုပ် ဆိုနီဆေးဆီဖန်ဒုံးက ပြောကြားသည်။
အဆိုပါတံတားသည် မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံတွင် အရေးပါသော ချိတ်ဆက်မှုတစ်ခုအဖြစ်ဆောင်ရွက်ပေးပြီး သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည်ကို တိုးတက်စေသည့်အပြင် လာအိုနှင့်ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကိုလည်း လွယ်ကူချောမွေ့စေကြောင်း ၎င်းက ပြောကြားသည်။
၎င်းတံတားသည် ဒေသခံထုတ်လုပ်သူများနှင့် ကုန်စည်ရောင်းဝယ်သူများအတွက် မျှော်လင့်ချက်အသစ်များ ယူဆောင်လာပေးသည်ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ တံတားဖွင့်လှစ်ခြင်းနှင့်အတူ ပြည်နယ်နှစ်ခုကြား ကုန်သွယ်မှုသည် ပိုမိုလွယ်ကူလာပြီး တိုးတက်လာမည်ဖြစ်ကာ ဒေသခံများ၏ လူမှုစီးပွားဘဝများ မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားဖွင့်လှစ်ခြင်းနှင့်အတူ ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှခရီးသွားများ လာအိုနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ဝင်ငွေများပြားလာမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


