ဦးနှောက်သည် ပြန်လည်အသုံးပြုနိုင်သော အာရုံကြောဘလောက်တုံးလေးများကိုသုံးပြီး အမူအကျင့်အသစ်များကို လျင်လျင်မြန်မြန် ဖန်တီးနိုင်ကြောင်း ပရင်စတန်သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြ သည်။    ထိုနည်းလမ်းမှာ အေအိုင် သို့မဟုတ်  ဉာဏ်ရည်တုက   ပုံတူကူးဖို့မဖြစ်နိုင်သော ဦးနှောက် ၏ လုပ်ဆောင်ချက်ဟု ကျွမ်းကျင်သူတို့က ကောက်ချက်ချခဲ့ကြသည်။

အေအိုင်နည်းပညာသည်   လက်ရှိအချိန်တွင်  အလွန်ကောင်းမွန်သော အက်ဆေးရေးသားခြင်း၊  ရောဂါရှာဖွေရာတွင် လေးစားရလောက်အောင်  တိကျမှုရှိခြင်း အစရှိသည့်လုပ်ဆောင်ချက်များ၌ လူသားတို့ထက်သာလွန်နေပြီဖြစ်သည်။ သို့သော် လူသား၏ဇီဝဦးနှောက်ကိုလုံးဝမယှဉ်နိုင်သည့် နေရာမှာ သဟဇာတရှိရှိ လုပ်နိုင်စွမ်းတွင်ဖြစ်သည်။ယခု ပရင်စတန် အာရုံကြောသိပ္ပံပညာရှင်များ၏ လေ့လာမှုအသစ်က ဦးနှောက်၏ အဆိုပါ အလျင်အမြန်ထိန်းညှိနိုင်စွမ်းကို လေ့လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့က ဦးနှောက်သည် မတူကွဲပြားသော လုပ်ငန်းဆောင်တာများအတွက် ဦးနှောက်သည် တူညီသော အာရုံကြောဘလောက်တုံးလေးများပေါ်တွင် ထပ်ကာထပ်ကာရေးဆွဲပြီး အလုပ်လုပ်ကြောင်း   တွေ့ရှိခဲ့ကြသည်။

ထိုစာတမ်းကို ရေးသားသည့်အဖွဲ့ထဲမှ အကြီးတန်းပညာရှင်တစ်ယောက်ဖြစ်သော ပရင်စတန်  အာရုံကြောသိပ္ပံ အင်စတီကျု  တွဲဖက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မ်ဘုရှ်မန်းက  “နောက်ဆုံးပေါ် အေအိုင်မိုဒယ်တွေဟာ လူသားတွေကို လိုက်မီလာကြပါပြီ။ ဒါမှမဟုတ် စူပါလူသားတွေတောင် ဖြစ်နေကြပါပြီ။ လုပ်ငန်းတစ်ခုခုအတွက်   စွမ်းဆောင်တဲ့ အချိန်မှာပေါ့။ ဒါပေမဲ့ သူတို့က မတူကွဲပြားတဲ့ လုပ်ငန်းဆောင်တာတွေကို  လေ့လာသင်ယူဖို့နဲ့ ဆောင်ရွက်ဖို့ ရုန်းကန်နေကြရတုန်းပါ” ဟု ဆိုသည်။ ထို့နောက် “ဦးနှောက်က ဘာလို့သဟဇာတဖြစ်အောင် လုပ်နိုင်လဲဆိုတော့ သူက မတူကွဲပြားတဲ့လုပ်ငန်း ဆောင်တာအမျိုးမျိုးအတွက် တူညီတဲ့အာရုံကြောဘလောက်တုံးလေးတွေ ကို အပြန်ပြန်အလှန်လှန် အသုံးချနိုင်တယ်။ အဲဒါတွေကို အာရုံကြော လီဂိုတုံးလေးတွေလို့ပဲ ဆိုကြပါစို့။ အဲဒီအတုံးလေးတွေကို လုပ်ငန်းဆောင်တာ အသစ်တွေအတွက် ဦးနှောက်က ဆက်ပေးနိုင်တယ်” ဟုလည်း ဆက်လက်ပြောကြားသည်။

ကွန်ပျူတာ အယ်လ်ဂိုရစ်သမ်နှင့် နှိုင်းယှဉ်ပြီးပြောလျှင်  အရောင်တို့ကို လေ့လာဖို့အတွက် နျူရယ်ကွန်ရက်ထဲ၌ နျူရွန်တို့ကို  အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ထားရသည်။ အခြားအလုပ်တစ်ခု လုပ်ဖို့ဆိုလျှင် အစမှပြန်ပြီး လေ့ကျင့်ယူရမည်ဖြစ်သည်။  ဦးနှောက်ကမူ  အာရုံကြောလီဂိုဟု ခေါ်သည့် ဘလောက်တုံးလေးများကို ပြောင်းလဲချိတ်ဆက်လိုက်ရုံဖြင့် အသစ်တစ်ခုကို လျင်မြန်စွာ သင်ယူနိုင်စေသည်ဟု ဆိုလိုသည်။

ပရင်စတန်ရှိ ဘုရှ်မန်း၏ သုတေသနဓာတ်ခွဲခန်းတွင် ပါရဂူဘွဲ့လွန်သုတေသနလုပ်နေသူ   ဒေါက်တာဆီနာတာဖာ ဇိုလီကလည်း “ခင်ဗျားတို့ ပေါင်မုန့်ဖုတ်နည်းကို သိထားတယ်။ ပြီးတော့ ကိတ်မုန့်ဖုတ်တဲ့နည်းကို သင်ယူတယ်ဆိုရင် ပေါင်မုန့်ဖုတ်တဲ့နည်းကို ဖျက်လိုက်စရာ မလိုဘူးလေ။ ရှိပြီးသား ကျွမ်းကျင်မှုတွေဖြစ်တဲ့ မီးဖိုသုံးနည်း၊ အစာပလာထည့်နည်း စတာတွေမှာ  နောက်ထပ်အသစ်တွေ  ထပ်ဖြည့်ပေးလိုက်ရုံပဲ။ စက် ဒါမှမဟုတ် နျူရယ်ကွန်ရက်က  တစ်ခုခုအသစ်လေ့လာပြီဆိုရင်  အရင်မှတ်ဉာဏ်တွေအပေါ်ကနေ ထပ်ရေးပြီး မေ့ပစ်လိုက်တာ။ ကိတ်မုန့်ဖုတ်နည်းကို သိပြီး ကွတ်ကီးဖုတ်နည်းကို လေ့လာမယ်ဆိုရင် သူက ကိတ်မုန့်ဖုတ်နည်းကို မေ့လိုက်ရော”ဟု ရှင်းပြသည်။

ယင်းမှာ လူသားအသိဉာဏ်အတိုင်း စွမ်းဆောင်နိုင်ဖို့ဆိုလျှင် အေအိုင်အနေဖြင့် နောက်ထပ်ဖြတ်ကျော်ရမည့် အတားအဆီးတစ်ခုလည်းဖြစ်သည်။

Ref: scitechdaily