သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ တရားချစ်ခင်သူတော်စင် အပေါင်းတို့ ၂၀၂၅ ဆိုတဲ့ ကမ္ဘာသုံးနှစ် ခရစ်နှစ်တစ်ခု ကုန်သွားပြီးတော့ ယခု ၂၀၂၆ သို့ရောက်လာပြန်တယ်။ နှစ်ဟောင်းတစ်နှစ်တစ်နှစ် ကုန်လို့ နှစ်သစ်တစ်နှစ် တစ်နှစ်သို့ပြောင်းပြောင်းသွားတယ်ဆိုရင် ဘုန်းကြီးတို့ စဉ်းစားနေတာက သဘောပေါက်ကြဖို့ တစ်ခုပြောချင် တယ်။
ဘဝမှာနေဖို့ တစ်နှစ်ပြီးတစ်နှစ်နည်းသွားတယ်၊ သေမယ့်ဘက်ကို တစ်နှစ်ပြီးတစ်နှစ် နီးသွားကြပြီ၊ အဲဒီလို နှလုံးသွင်းပြီးတော့ ဘဝရဲ့ အနှစ်သာရကို ရအောင်ယူ။
ဘဝသံသရာကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာတွေအနေနဲ့ ဘဝသံသရာ၊ ဘဝသစ်တစ်ခုကို လှလှပပ အေးအေးချမ်းချမ်းနေဖို့ အကျင့်ကောင်းတွေ စနစ်ကောင်းတွေ သူတော်ကောင်းတရားတွေ ရှာဖွေစုဆောင်းကြဖို့ အတွက် အဟောင်းကိုပစ်ထားခဲ့ပြီး အသစ်ကို စနစ်ကောင်းတစ်ခုနဲ့ ရှာဖွေစုဆောင်းကြဖို့ လိုမယ်ထင်တယ်။
ဒီနေ့တော့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အခါသမယမှာ နေနည်းသုံးပါး ဒီစကားတစ်ခွန်းလောက် ပြောပြချင်တယ်။ ဘုန်းကြီးတို့ ပါဠိပိဋကတ်မှာ သုတ္တန်ပိဋကတ် ဒီဃနိကာယ်ကြီးတွေမှာ သုတ္တန်ကြီးတွေ မြတ်စွာဘုရားဟောတော်မူတဲ့အခါ ရာဇဂြိုဟ်ပြည် သာဝတ္ထိ ဇေတဝန်မှာနေတယ်၊ ကပိလဝတ်နဲ့ နိရောဓာရုံမှာနေတယ်၊ သတိပြု နားထောင်မိမယ်ဆိုရင် ‘ဝိရဟတိ’ဆိုတာ သုတ္တန်တိုင်းရဲ့အစမှာ ပါတယ်။ ဝိရဟတိ ဘယ်လိုနေသလဲ၊ အိပ်နေသလား၊ ထိုင်နေသလား၊ စကားများနေသလား၊ ရန်ဖြစ်နေသလား၊ စီးပွားရေးလုပ်နေသလား၊ အဲဒါတွေ နေနည်းစနစ်ကို ဋီကာကျမ်းတွေမှာ ဖွင့်ပြတယ်၊ နေနည်း သုံးပါး၊ မြတ်စွာဘုရားက ဘယ်မှာပဲနေနေ၊ နေ့တိုင်း နေ့တိုင်း လောကကြီးကို ခြောက်ကြိမ်ကြည့်တော်မူတယ်။
နေ့သုံးကြိမ်၊ ညဉ့်သုံးကြိမ် ကမ္ဘာကြီးကို မြတ်စွာဘုရားကြည့်တော်မူတယ်။ ဒီနေ့ကမ္ဘာလောကကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာ မြတ်စွာဘုရားက နေ့သုံးကြိမ်၊ ညဉ့်သုံးကြိမ် (၆)ကြိမ်ကြည့်ပြီးနေတော်မူတယ်။ တရားချစ်ခင်သူတော်စင်တွေ နိုင်ငံတော်ရဲ့အခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အခြေအနေ၊ လောကကြီးတစ်ခုလုံးရဲ့အခြေအနေ၊ ကမ္ဘာလောကကြီး တစ်ခုလုံးကြီးရဲ့အခြေအနေတွေကို မြတ်စွာဘုရား ကြည့်တော်မူသလို ဘာတွေများ ဖြစ်နေကြပါသလဲ၊ ဒါကိုကြည့်ပြီးနေကြ။ ပတ်ဝန်းကျင်ရဲ့၊ နိုင်ငံတော်ရဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ သတ္တ လောကကြီးတစ်ခုလုံးရဲ့ ဖြစ်နေတဲ့အခြေအနေတွေကို သေချာကြည့်ပြီး သေချာသိပြီးတော့နေမယ်ဆိုရင် နေတတ်တဲ့နေနည်းနဲ့ နေသွားကြ မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေက ချမ်းသာစွာနေခြင်းကိုရတယ်။ သို့မဟုတ် ဘာနေရာက ဘာဖြစ်မှန်းမသိဘူး၊ ဘာမှလည်းမသိဘူး၊ မနေတတ်မထိုင်တတ်နဲ့ နေသွားကြရင် ဆင်းရဲပင်ပန်းစွာနေကြရတတ်တယ်။ ဒါကြောင့် လောကကြီးကို တစ်နေ့နဲ့ တစ်ညဉ့် (၆)ကြိမ်ကြည့်လိုက်တော့ (၁) မြတ်စွာဘုရား မြင်တော်မူတာက သတ္တလောကကြီးတစ်ခုလုံးက ကာမနဲ့ ပင်ပန်းကြတယ် ကာမဂုဏ်ငါးပါးနဲ့ လွန်ကျူးဖောက်ပြန် ဖောက်ပြန်သောအကျင့်ကိုကျင့်သုံးပြီး ဒီလိုသာနေနေကြရင် ဒီလောက ကြီး ချမ်းသာစွာနေကြရမှာ မဟုတ်ဘူး။ တစ်ခုသောနေနည်းကို မြတ်စွာဘုရားက ဟောတယ်၊ ကာမဂုဏ်ဆိုတဲ့ကိစ္စက ယောကျ်ား၊ မိန်းမနှစ်ဦးသား ခံစားတာတစ်ခုတည်း ကာမဂုဏ် မဟုတ်ဘဲ၊ စားစရာတွေလည်း ကာမဂုဏ်ပဲ၊ သောက်စရာတွေက ကာမဂုဏ်ပဲ။ နားထောင် စရာ၊ ကြည့်စရာဒါတွေလည်း ကာမဂုဏ်ပဲ၊ ဒီကနေ့ခေတ် ပိုများတယ်၊ ကာမဆိုတာ တဏှာ၊ အဲဒီအရာဝတ္ထုငါးမျိုးက ထိတွေ့စရာလည်း ကာမဂုဏ်ပဲ၊ အဲဒီကာမဂုဏ်တရားတွေကို တဏှာနဲ့လွန်ကျူးစွာ လိုက်စားပြီး နေနေကြမယ်ဆိုရင်တဲ့ မြတ်စွာဘုရားကိုယ်တော်မြတ်က ဆုံးမတော်မူတာက သမာဓိနဲ့နေကြ၊ ကာမဂုဏ်ကိုခုခံနိုင်သော ကာမစိတ်ကို တွန်းလှန်နိုင်သော သမာဓိနဲ့နေ၊ နတ်စည်းစိမ်ခံစားနိုင် သလောက်ကို ချမ်းသာမယ်။
ကာမဂုဏ်ကို လွန်ကျူးစွာလိုက်စား၊ မိုက်မှားနေတဲ့ ကမ္ဘာလောကကြီးကိုတွေ့လို့ မြင်လို့ရှိရင် ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်လို့တွေ့ရင် မြင်ရင်သမာဓိသာခိုင်ခိုင်ထား၊ စိတ်ဓာတ်မခိုင်ရင် ကာမဂုဏ်နောက် လိုက်ပြီးတော့ ပင်ပန်းဆင်းရဲရတတ်တယ်။ ဒါကြောင့် ကာမဂုဏ် သောင်းကျန်းတဲ့ခေတ်မှာ သမာဓိနဲ့နေ၊ နတ်စည်းစိမ်ခံစား စံစားရ သလောက်ကို ချမ်းသာမယ်၊ ဒါ နေနည်းတစ်ပါးပါ။
သတ္တဝါတို့သည် အာဏာတန်ခိုးအုပ်စိုးလိုချင်တဲ့စိတ် အာဏာတွေ ပါဝါတွေ အလွန်အကျူးလိုက်စားမိုက်မှားနေကြပြီဆိုရင် ခေတ်စကား အရပြောရင် အလွဲသုံးစားလုပ်နေကြပြီ၊ အလွန်အကျူး အာဏာကို သုံးစွဲနေကြပြီ၊ အာဏာပါဝါနောက်ကို လိုက်နေကြပြီဆိုရင် သတ္တ လောကကြီး အလွန်ဆင်းရဲလိမ့်မယ်၊ အဲဒီအခါမှာ မြတ်စွာဘုရား ကိုယ်တော်မြတ်က ဘယ်လိုနေရမလဲဆိုရင် အာဏာတန်ခိုးဖြစ်ဖို့ရန် အလို့ငှာ လူတွေ နတ်တွေ ဖောက်ဖောက် ပြန်ပြန် ကျင့်သုံးနေကြပြီဆိုရင် ဗြဟ္မဝိဟာရနဲ့ နေတဲ့။ အာဏာပါဝါအတွက် အလွန်အကျူး အလွဲ သုံးစားတွေ ဖြစ်ကုန်ပြီဆိုရင်တော့ ဗြဟ္မဝိဟာရဆိုတဲ့ မွန်မြတ်တဲ့ နေခြင်းနဲ့နေ၊ အဲဒါ ဘာလဲဆိုရင် မေတ္တာနဲ့နေ၊ ဒေါသနဲ့ မုန်းတီးခြင်း ကို ထိန်းချုပ်ပြီးနေတာကို ‘ဗြဟ္မဝိဟာရ’ လို့ခေါ်တယ်၊ မုန်းတီး၊ အာဃာတ ရန်ငြိုးတွေနဲ့ ပယ်ပြီး ဖြေဖျောက်ပြီးနေတာကို ‘ဗြဟ္မ ဝိဟာရ’ ခေါ်တယ်၊ မေတ္တာနဲ့နေတာ ဗြဟ္မဝိဟာရ မေတ္တာဆိုတာ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း တွေကို ပယ်ရှားပြီး အေးအေးချမ်းချမ်းနေတာ ကို ဗြဟ္မဝိဟာရခေါ်တယ်၊ လောကကြီးကို တစ်နေ့ (၆)ကြိမ် ဘုရား ကြည့်သလိုကြည့်၊ ကမ္ဘာလောကမှာ အာဏာပါဝါအတွက် ဖောက်ဖောက် ပြန်ပြန် ကျင့်သုံးတာတွေကို တွေ့ပြီဆိုရင် ဒေါသ၊ ရန်ငြိုး၊ အာဃာတ၊ မုန်းတီးခြင်းတွေကို ထိန်းချုပ်ပြီး မေတ္တာနဲ့နေကြ၊ ဒါကို ဗြဟ္မဝိဟာရ ခေါ်ပါတယ်။
တတိယနေနည်းက အချိန်အခါအလိုက် ရဟန်းတော်တို့ရဲ့လောက ၌ ဓမ္မကို ငြင်းခုန်ပြီး အဓိကရုဏ်းတွေဖြစ်ပြီး ကွဲကွဲပြားပြားတွေ ဖြစ်နေကြတယ်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့ သံဃာတော်အပါး ၅၀၀ က တညီတညွတ်တည်း ပိဋကတ်သုံးပုံမှာ တင်သွင်းအတည်ပြု၊ ပထမသင်္ဂါယနာမှာ သံဃာတော်အရှင်သူမြတ်တွေ ရာဇဂြိုဟ်မှာ အဇာတသတ်မင်းရဲ့အထောက်အပံ့နဲ့ သင်္ဂါယနာတင်တော့ ရာဇဂြိုဟ်မှာ ဝါမဆိုရလို့ အမိန့်ထုတ်တာရှိတယ်၊ ပိဋကတ်သုံးပုံကို အတည် ပြုမယ့်ကိစ္စ၊ ကန့်ကွက်မယ်၊ နှောင့်ယှက်မယ်၊ အလားအလာရှိတဲ့ အဓိပ္ပာယ်ဖော်ပြတဲ့ကိစ္စ ပေါ်လာတယ်၊ ပထမသင်္ဂါယနာထဲမှာကိုက မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့ ခြောက်ပါး အုပ်စု၊ မြတ်စွာဘုရား ကို သတ်ဖို့ကြံစည်တဲ့ ဒေဝဒတ်အုပ်စု၊ အဲဒီသံဃာတော်တွေရှိနေကြ တယ်၊ ဒါကြောင့် ရာဇဂြိုဟ်မှာ သံဃာ ၅၀၀ မှတခြား သံဃာဝါမဆိုရလို့ သတ်မှတ်လိုက်တယ်။
ဝေသာလီမှာ ဒုတိယသင်္ဂါယနာတင်ရတဲ့အကြောင်းရင်းက ဒေဝဒတ်ရဲ့ တပည့်အုပ်စု ပိဋကတ်သုံးပုံကိုပြင်မယ်။ အားလုံး လုပ်လာ ကြတယ်၊ သံဃာတော် ၇၀၀ က ပထမသင်္ဂါယနာက သိက္ခာပုဒ်အငယ် စားလေး မူလအတိုင်းပဲထား၊ နုတ်ခြင်း၊ ဒုတိယ သင်္ဂါယနာကျတော့ ဖြုတ်ခြင်း၊ ထပ်ရေးခြင်းမလုပ်ရလို့၊ ဒုတိယသင်္ဂါယနာလည်းပြီးရော သံဃာဂိုဏ်းက (၁၈)ဂိုဏ်း ကွဲသွားတယ်၊ တတိယသင်္ဂါယနာမှာ မူလထေရဝါဒဂိုဏ်း နှစ်ဂိုဏ်းပဲ ပါဋလိပုတ်မှာ ဝါဆိုစေ။ ဆန့်ကျင်ဘက် ဂိုဏ်းတွေ ပါဋလိပုတ်မှာ ဝါမဆိုရလို့၊ မကပ်ရလို့ နှင်ထုတ်လိုက်တယ်။
ဂိုဏ်းပေါင်း ၁၈ ဂိုဏ်းထဲက ၁၇ ဂိုဏ်း နှင်ထုတ်ခံရတယ်။ ထေရဝါဒဂိုဏ်း ၁ ဂိုဏ်းပဲ ဝါဆိုစေ၊ ၁၇ ဂိုဏ်းက မြောက်ပိုင်းကို ထွက်ပြေးသွားကြတယ်။ ဒါကြောင့် နိုင်ငံတွေ အနှံ့အားလုံးပြန့်ကျဲပြီး အဲဒီသံဃာတွေ ရောက်သွားကြတယ်။ သာသနာနှစ် ၅၀၀ ကျော်မှာ တစ်ကမ္ဘာလုံးရဲ့အခြေအနေကိုကြည့်လိုက်၊ ဘာသာရေးစစ်ပွဲတွေက ကမ္ဘာမှာ အလွန်သမိုင်းရှည်တဲ့ စစ်ပွဲကြီးတွေ အများကြီးပဲ။ ဗုဒ္ဓဘာသာ က အဲဒီလို ၁၈ ဂိုဏ်းလောက်ကွဲသလို၊ ခရစ်ယာန်တွေလည်းကွဲတာပဲ၊ အစ္စလာမ်လဲကွဲတာပဲ ဟိန္ဒူဆို ပိုများတယ်။ အဲဒီလို ဘာသာရေးအငြင်း အခုန်တွေဖြစ်လာတော့ ဓမ္မအဓိကရုဏ်းလို့ဆိုချင်တယ်။ ဘာသာရေးငြင်းခုန်မှုတွေရှိလာရင် မြတ်စွာဘုရားက ဓမ္မ၊ အဓမ္မတွေ အကြောင်း ပြုလို့ သံဃာတော်တွေရဲ့လောက ဘာသာရေးလောက ငြင်းကြခုန်ကြပြီဆိုရင်ငြင်းခုန်တဲ့ အထဲမပါနဲ့ မပါအောင် ဘယ်လိုနေမလဲဆိုရင် ပညာနဲ့နေ၊ ဒီအရာသည်ဟုတ်သလား၊ ဒီဝါဒသည် မှန်သလား၊ မှားသလားဆိုတာ သိတတ်တဲ့အသိဉာဏ်ရှိရမယ်။
အသေးစိတ်သိတဲ့ဉာဏ်ကို ပညာလို့ခေါ်တယ်၊ ဘာသာရေး ငြင်းခုန်မှုတွေပေါ်လာရင်တော့ အသိဉာဏ်ကြီးကြီးထားနေမှ ကောင်း မယ်၊ အသိဉာဏ်နဲ့ ပညာနဲ့နေတာကို ‘အရိယ ဝိဟာရ’ လို့ခေါ်တယ်၊ သူတော်ကောင်းတို့ရဲ့နေနည်း ထိုင်နည်းနဲ့နေ။
ဒီကနေ့ နှစ်သစ်မှာ နေနည်းသုံးပါး၊ ကာမဂုဏ်သောင်းကျန်းတဲ့ ခေတ်မှာသမာဓိ ခိုင်ခိုင်ထားနေ၊ အာဏာပါဝါအတွက် အလွန်အကျူးကျင့်သုံးကုန်ကြပြီဆိုရင် အာဏာတန်ခိုးအစိုးရဖို့ လွန်လွန်ကဲကဲ ကျင့်သုံးကုန်ကြပြီဆိုရင် မေတ္တာနဲ့နေကြ၊ ဘာသာရေးငြင်းခုန်မှုတွေများလာရင် အသိဉာဏ်ရှိမှ ငြင်းခုန်ပွဲထဲ မပါဘဲဖြစ်မယ်၊ အသိပညာနဲ့ ဆင်ခြင်သုံးသပ်၍နေကြ။
တရားချစ်ခင်သူတော်စင်အပေါင်းတို့ မြတ်စွာဘုရားက ကမ္ဘာ လောကကို တစ်နေ့ (၆)ကြိမ်ကြည့်သလို မျက်စိ၊ နားဖွင့်ပြီး နားလည်း စွင့် မျက်စိလည်းဖွင့် ကမ္ဘာကြီးရဲ့ အခြေအနေတွေကို မျက်စိနဲ့ကြည့်၊ နားနဲ့နားထောင်ပြီးမှ နေတတ်အောင်နေကြ၊ ကာမဂုဏ် သောင်းကျန်း တဲ့ခေတ်မှာ သမာဓိနဲ့နေ၊ အာဏာပါဝါတွေအလွန်အကျူးတွေ ဖြစ်ကုန် ကြပြီ ဆိုရင်တော့ မေတ္တာနဲ့နေ၊ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ပွားခြင်း တွေပယ်တာက မေတ္တာ။
မုန်းတီးမှုမှန်သမျှ၊ စိတ်ဆိုးမှုမှန်သမျှကို အကုန်ပယ်ရှားပြီးတော့ နေတာက ‘ဗြဟ္မ ဝိဟာရ’ ခေါ်ပါတယ်၊ ဘာသာရေးငြင်းခုန်မှုတွေက လည်း ဘာသာတရားတိုင်းမှာ ရှိတယ်။
ဓမ္မနဲ့ အဓမ္မ ငြင်းကြခုန်ကြပြီဆိုရင် အသိဉာဏ်/ပညာကြီးကြီးနဲ့နေမှ ငြင်းခုံပွဲက လွတ်မြောက်မယ်၊ ငြင်းခုံပွဲကလွတ်ပြီး ချမ်းသာစွာ နေရမယ်၊ အဲဒီနေနည်းသုံးပါးကို မြတ်စွာဘုရား မိန့်ကြားတော်မူ ပါတယ်။ ဒါကြောင့် ဒီကနေ့ နှစ်ဟောင်းက ကုန်လာခဲ့ပြီ၊ မှားယွင်းတာ တွေရှိရင် ပြန်ပြင်ဖို့မရတော့ဘူး။ အနာဂတ်နှစ်သစ်မှာ အားလုံး ချမ်းသာစွာနေတတ်ဖို့၊ (၁)သမာဓိထူထောင်ရမယ်၊ (၂) မေတ္တာ၊ ကရုဏာတရား လက်ကိုင်ထားရမယ်၊ (၃)အသိဉာဏ်ပညာ လက်ကိုင် ထားရမယ်၊ ဒီတရားသုံးပါးလက်ကိုင်ထားပြီးနေတတ်ရင် အားလုံး ချမ်းသာကြမယ်ဖြစ်ပါတယ်။
မြတ်စွာဘုရား ဘယ်မှာပဲနေနေ၊ တစ်နေ့ (၆)ကြိမ်ကြည့်ပြီးတော့ ချမ်းသာစွာ နေသွားသလို၊ အားလုံးနေနိုင်ကြပါစေလို့ အားလုံးချမ်းသာ ကြပါစေ၊ ဘေးရန်ကင်းကြပါစေလို့ မေတ္တာပို့ရင်းနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ ဒီကနေ မေတ္တာနဲ့နှုတ်ဆက်ပါတယ်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိတော်မူကြပါစေ။


