နေပြည်တော် ဇန်နဝါရီ ၁
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ပန်းခြံရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင် ဒေသထွက်ပန်းမျိုးစိတ်များကို ပြသထားရှိပါကြောင်း၊ ထို့ပြင် ပွဲတော်တွင် သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစားများစွာကို အသုံးပြု၍ မြေယာရှုခင်းအလှများ ပုံဖော်ပြသထားပါကြောင်း၊ လာရောက်လည်ပတ်သူများအတွက် စာအုပ်စာစောင်များ အနားယူဖတ်ရှုနိုင်မည့် စာကြည့်တိုက်ပါဝင်ပြီး အလှဓာတ်ပုံရိုက်ကူးရန် နေရာများစွာကိုလည်း စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ အားကစားကွင်းနှင့် ကလေးကစားကွင်းများ၊ ဒေသထွက်အစားအစာအရောင်းဆိုင်များလည်း ပါဝင်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ပန်းချစ်သူများအနေဖြင့် ကလောမြို့ ပန်းပွဲတော်သို့ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ်အပန်းဖြေ လေ့လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပန်းပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်(ခေတ္တ) ကျောင်းအုပ်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေပေးကြသည့် ဘင်ခရာတပ်ဖွဲ့နှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပန်းပွဲတော်ကို လှည့်ကြည့်ရှုကြသည်။ အဆိုပါ ပန်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


