ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှ မိုဇမ်ဘစ်နှင့် ကင်မရွန်းအသင်းပွဲစဉ်တွင် ကင်မရွန်းအသင်းက အကြိတ်အနယ်ကစားပြီး နှစ်ဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ပွဲချိန်တစ်လျှောက်တွင် ကင်မရွန်းအသင်းက ဂိုးရရှိ ရန် နီးစပ်သည့်အခွင့်အရေးများနှင့်အတူ မိုဇမ်ဘစ်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့သည်။
ကင်မရွန်းအသင်းသည် ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးမှု လေးကြိမ်ထက်မနည်းရှိခဲ့သော်လည်း လေးကြိမ်စလုံး ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
ကင်မရွန်းအသင်းသည် ယခုပွဲစဉ်နိုင်ပွဲရရှိခဲ့သည့်အတွက် အုပ်စုတွင်း သုံးပွဲကစား နှစ်ပွဲနိုင် တစ်ပွဲသရေရလဒ်ဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ဘက် မိုဇမ်ဘစ်အသင်းသည် အုပ်စုတွင်း သုံးပွဲကစားပြီး တစ်ပွဲနိုင် နှစ်ပွဲရှုံးရလဒ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေသော်လည်း အကောင်းဆုံး အုပ်စုတတိယဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ အာဖရိကနိုင်ငံများပြိုင်ပွဲ ၁၆ သင်း အဆင့်ပွဲစဉ်တွင် ကင်မရွန်းအသင်းက တောင်အာဖရိက၊ မိုဇမ်ဘစ် အသင်းက နိုင်ဂျီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အခြားပွဲစဉ်ရလဒ်တွင် အိုင်ဗရီကို့စ်အသင်းက ဂါဘွန်အသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်


