ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလပြည့်နေ့ဖြစ်သည်။ မြန်မာတို့၏ ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ ရက်မြတ်အခါ လပြည့်နေ့တိုင်းတွင်  ထူးမြတ်သည့်   အကြောင်းအရာတစ်မျိုးစီရှိသည်။ ပြာသိုလပြည့်နေ့မှာမူ အခြားလများနှင့်မတူ လူသားအားလုံး သံသရာဝဋ်ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်ကင်းစေနိုင်သည့် မြတ်ဗုဒ္ဓ၏ အဆုံးအမတရားကို ဖော်ညွှန်းထားသည်။ မြတ်ဗုဒ္ဓ၏  အဆုံးအမနှင့်အညီ   ဤပြာသိုလပြည့်နေ့တွင် မှန်ကန်သော အကျင့်မြတ်တရားကို ကျင့်သုံးသင့်ကြသည်။

လွန်ခဲ့သည့်   နှစ်ပေါင်း  ၂၆၀၀ ခန့်က နေရဉ္စရာမြစ်ကမ်းနံဘေး ဥရုဝေလ တောအုပ်တွင် နေထိုင်ကြသော ဥရုဝေလကဿပ၊ နဒီကဿပနှင့် ဂယာကဿပတို့ ဦးဆောင်သည့် ဧဟိဘိက္ခု ရဟန်းတစ်ထောင်တို့ကို မြတ်စွာဘုရားရှင်က အာဒိတ္တ ပရိယာယသုတ်တော်ကို ပြာသိုလပြည့်နေ့တွင်  ဟောကြားတော်မူရာ ရဟန်းတစ်ထောင်တို့သည် ရဟန္တာဖြစ်ကြသဖြင့် ထူးမြတ်သည့်လပြည့်နေ့ဟု သတ်မှတ်ထားသည်။ ဥရုဝေလတောတွင် တရားကျင့်နေကြသည့် ဘိက္ခုများအား မြတ်စွာဘုရားရှင်ကဥရုဝေလကဿပ သင်သည် အာသဝေါကုန်ခန်းသည့် ရဟန္တာမဖြစ်သေးပါ၊ သင်သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ရကြောင်းဖြစ်သည့် မှန်ကန်သော အကျင့်မြတ်ကို သိလည်းမသိ၊ ကျင့်သုံးခြင်းလည်းမရှိသေးဟု မိန့်တော်မူသည်။

မြတ်စွာဘုရားရှင်၏ အဆုံးအမစကားကို ကြားရသောအခါ ဣန္ဒြေရင့်ကျက်ကြပြီးဖြစ်သည့် ဥရုဝေလကဿပနှင့် တပည့်ရဟန်းငါးရာတို့သည် မိမိတို့၏အမှားကို ဖွင့်ဟဝန်ခံပြီး ကန်တော့ကြသည်။ မြတ်စွာဘုရားရှင်က ပဋိစ္စသမုပ္ပာဒ်၏ ပဋိလောမနည်းဖြင့် အာဒိတ္တပရိယာယသုတ်တော်ကို ဟောတော်မူသည်။ ရဟန်းတို့သည် ပေါင်းဆုံမှုဖဿဖြစ်လာသည်။ ဖဿကြောင့် ခံစားမှုဝေဒနာဖြစ်လာသည်။ ဝေဒနာသည်  သာယာဖွယ်ဖြစ်လျှင်  တဏှာဖြစ်လာသည်။ ဝေဒနာကိုမနှစ်သက်ပါက ဒေါသဖြစ်လာသည်။ သာယာဖွယ်/မသာယာဖွယ်ကို မဝေခွဲတတ်အောင် တွေဝေပါက မောဟဖြစ်လာသည်။ မဖြစ်ချင်လည်းမရ အကြောင်းပြည့်စုံလျှင် ဆိုင်ရာစိတ် တို့ဖြစ်ပေါ်သည်။ မရင့်ရော်ချင်၍မရ အကြောင်းပြည့်စုံလျှင် ရင့်ရော်လာသည်။ မပျက်စီးချင်၍မရ ပျက်စီးရမည်သာဖြစ်သည်။ ဖြစ်ခြင်းသည် ဇာတိ၊ ရင့်ရော်ခြင်းသည် ဇရာ၊ ပျက်စီးခြင်းသည် မရဏဖြစ်သည်။

ဤသို့ဖြင့် နှလုံးသွင်းမှုကိုအကြောင်းပြု၍ ဆိုင်ရာအသိစိတ်ခြောက်ပါး ဖြစ်ပေါ်လာရသည်။ အာရုံနှင့် သိစိတ်ပေါင်းစုံမှု ဖဿဖြစ်လာသည်။ ဖဿကြောင့် ဝေဒနာဖြစ်လာသည်။ သာယာသော လောဘမီး၊ မသာယာသော ဒေါသမီး၊ တွေဝေသော မောဟမီးလောင်မြိုက်သည်။ ဖဿကြောင့် ဇာတိမီး၊ ဇရာမီး၊ မရဏမီးဟူသော မီးသုံးပါးကလည်း လောင်မြိုက်ပြန်သည်။ အဆိုပါ မီးခြောက်ပါးကို အကြောင်းပြု၍ စိုးရိမ်မှု သောက၊ ငိုကြွေးမှု ပရိဒေဝ၊ ဆင်းရဲမှုဒုက္ခ၊ နှလုံးမကြည်သာမှု ဒေါမနဿနှင့် ပူဆွေးမှု ဥပါယာသစသည့် မီးငါးပါးလောင်မြိုက်လာသည်။ အဆိုပါ မီးတစ်ဆယ့် တစ်ပါးတို့သည် ဘဝတစ်ခု၏  အမည်သာဖြစ်သည်။  မီးတစ်ဆယ့်တစ်ပါးကို ငြှိမ်းသတ်လိုပါက ဘဝမဖြစ်အောင် လုပ်ရမည်။  ဘဝမဖြစ်လျှင်  ဇာတိမဖြစ်၊ ဇာတိမဖြစ်လျှင် ဇရာမဖြစ်နိုင်၊ ဇရာမဖြစ်လျှင် မရဏမဖြစ်နိုင်ပေ။

ထိုသို့ ဘဝသစ်တစ်ဖန် မဖြစ်ပေါ်စေရန်  ပဋိစ္စသမုပ္ပာဒ်၏ ပဋိလောမနည်းဖြင့် အာဒိတ္တပရိယာယသုတ်တော်ကို မြတ်စွာဘုရားရှင်က အပြည့်အစုံဟောကြားတော် မူသောအခါ ဧဟိဘိက္ခု ရဟန်းတစ်ထောင်တို့သည် အာသဝေါကင်း၍ ရဟန္တာဖြစ်လာကြသည်။ ပြာသိုလပြည့်နေ့တွင် အာဒိတ္တပရိယာယသုတ်တော်ကို နာယူပြီး ရဟန္တာတစ်ထောင်ဖြစ်လာကြသည်ကို အကြောင်းပြု၍  “ပြာသိုလပြည့် ရှင်တစ်ထောင်နေ့ဟုပင် သတ်မှတ်ခဲ့ကြသည်။ သို့သော် အဆိုပါနေ့ထူးရက်မြတ်နေ့ကို အစဉ်အလာအရသာသနာ့သူတော်ကောင်းများက ကျင်းပခဲ့သော်လည်း အခြားနေ့ကြီးရက်မြတ်များကဲ့သို့  အရေးတယူအဆင့်သို့ ရောက်မလာသေးသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရား အကျင့်မြတ်သည် အမြင့်ဆုံးတရား၊ အမြင့်ဆုံးအကျင့်ဖြစ်သည်။ ပြာသိုလပြည့် နေ့ထူးရက်မြတ်ကို အကြောင်းပြု၍ ဒုက္ခဆင်းရဲမှ လွတ်မြောက်လိုကြသူအမျိုး ကောင်းသားတို့သည် ပဋိစ္စသမုပ္ပာဒ် အကျင့်မြတ်တရားကို ကျင့်သုံးသင့်သည်။

သို့ဖြစ်ရာ ခန္ဓာရလာသရွေ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆင်းရဲခြင်းဒုက္ခများကို မည်သူမျှ မလွတ်နိုင်ကြပေ။ လူဖြစ်လာသည်နှင့် လောဘ၊ ဒေါသ၊ မောဟများ မည်သူမျှ မလွတ်နိုင်ကြပေ။ တစ်ခဏချမ်းသာခြင်းကို အလိုရှိကြသရွေ့ ဒုက္ခဆင်းရဲအမျိုးမျိုးကို မဖြစ်ချင်ဘဲ မလွဲမသွေဖြစ်ကြရမည်ဖြစ်ရာ သံသရာဝဋ်ဆင်းရဲအပေါင်းမှ လုံးဝချုပ်ငြိမ်းလွတ်ကင်းစေရန်အတွက်  အကျင့်မြတ်ကောင်းကို  တတ်နိုင်သမျှ စတင်ကျင့်သုံးသင့်ပါကြောင်း။