ရန်ကုန် ဇန်နဝါရီ ၂

 

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၁၁ နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်မှ သိရသည်။

 

အဆိုပါ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းနိုင်ငံက အားကစားနည်း ၁၉ နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ်၊ ဘောလုံး၊ သေနတ်ပစ်၊ ရေကူး၊ အလေးမ၊ ထိုင်လျက်ဘော်လီဘော၊ စစ်တုရင်၊ ဘိုးလင်း၊ ဂိုးလ်ဘော၊ စားပွဲတင် တင်းနစ်နှင့် ဘိုချီရာ စသည့် အားကစားနည်း ၁၁ နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

 

လေ့ကျင့်မှုကတော့ ကျွန်တော်တို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တည်းက အရင်ရှိခဲ့တဲ့ကစားသမား အဟောင်းတွေနဲ့ အသက်ကြီးလို့ နားသွားတဲ့ ကစားသမားတွေ ရှိတဲ့အတွက် မျိုးဆက်သစ် ကစားသမား ရှာဖွေပြီးတော့ လေ့ကျင့်ခဲ့ပါတယ်။ မျိုးဆက်သစ် ကစားသမား ရှာတယ်ဆိုတဲ့နေရာမှာလည်း မသန်စွမ်းတွေရနိုင်တဲ့ နေရာတွေကို လိုက်ပြီးတော့ ရှာရတာဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့က လက်ရွေးစင်ဖြစ်အောင် တောက်လျှောက် လေ့ကျင့်ရင်းနဲ့ လူဟောင်းတွေနဲ့ တွဲပြီးပြန်လေ့ကျင့် ဒီလိုလေ့ကျင့် ဆွဲခေါ်ပြီးတော့မှ လက်ရွေးစင် ကစားသမားအဖြစ် ရှစ်လလောက် ကျွန်တော်တို့ စခန်းသွင်းလေ့ကျင့် ဖြစ်ခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမင်းနိုင်ဦးက ပြောသည်။

 

ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုကတော့ ဆရာ ဆရာမတွေ လမ်းညွှန်သင်ကြားပြသပေးတဲ့အတိုင်း လိုက်နာဆောင်ရွက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာတော့ သံလုံးနဲ့သံပြားပစ်မှာ ရွှေတံဆိပ် နှစ်ခုရခဲ့တယ်။ လှံတံကတော့ ကြေး တံဆိပ်ရခဲ့ပါတယ်။ ဒီနှစ်မှာလည်း ရွှေတံဆိပ်တွေရဖို့ မျှော်လင့်ထားပါတယ်။ ကြိုးလည်းကြိုးစားနေပါတယ်”ဟု မြန်မာ့လက်ရွေးစင် မသန်စွမ်း ပြေးခုန်ပစ်အားကစားသမား ထက်ထက်အေးက ပြောသည်။

 

လက်ရှိတွင် ကစားသမား ၉၇ ဦး စခန်းသွင်းလေ့ကျင့် လျက်ရှိပြီး မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေ ၁၅ ခု အပါအဝင် ဆုတံဆိပ် ၅၆ ခုရရှိခဲ့‌ကြောင်း သိရသည်။

ဗလ