ရန်ကုန် ဇန်နဝါရီ ၂

 

၂၀၂၅-၂၀၂၆ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉) ပထမနေ့ကို ဇန်နဝါရီ ၂ ရက်ကကျင်းပရာ ရန်ကုန်စီးတီး အသင်းနှင့် တက္ကသိုလ်အသင်း အမှတ်ပြည့်ရယူခဲ့သည်။

 

တက္ကသိုလ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းက ငွေကြယ်ပွင့်အသင်းကို ရှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။ ရန်ကုန်စီးတီးအသင်းတွင် အသစ်ခေါ်ယူထားသည့် လက်ရွေးစင် တိုက်စစ်မှူးများဖြစ်သော ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန် အပါအဝင် လူစုံပါဝင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်စီးတီးအသင်းသည် ပွဲအစ ခုနစ်မိနစ်အတွင်း သုံးဂိုးသွင်းယူနိုင်သော်လည်း ပထမပိုင်းအပြီးတွင် ခြောက်ဂိုးပြတ်ဦးဆောင်နိုင်သည်အထိ ပြိုင်ဘက်အသင်းကို အသာရခဲ့သည်။ ရန်ကုန်စီးတီးအသင်းအတွက် အနိုင်ဂိုးများကို နှစ်မိနစ်တွင် ဇင်ဖြိုးအောင်၊ ငါးမိနစ်တွင် အောင်ကောင်းမာန်၊ ၇၊ ၃၁၊ ၃၉ မိနစ်တွင် အသင်းခေါင်းဆောင် စည်သူအောင်က ဟက်ထရစ်၊ ၄၄ မိနစ်တွင် အောင်ဇေယျ၊ ၅၉ မိနစ်တွင် ဝင်းနိုင်ထွန်း၊ ၈၅ မိနစ်တွင် မင်းဆန်းတို့က သွင်းယူခဲ့သည်။ ယခုပွဲအပြီးတွင် ရန်ကုန်စီးတီးအသင်းက ကိုးပွဲကစား ရမှတ် ၂၀၊ ငွေကြယ်ပွင့်အသင်းက ကိုးပွဲကစား သုံးမှတ်ရထားသည်။

 

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် တက္ကသိုလ်အသင်းက YB United အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ တက္ကသိုလ်အသင်းသည် နိုင်ပွဲဆက်သော်လည်း နှစ်ဂိုးပြတ်အနိုင်မှ ချေပဂိုးများပြန်ပေးရသဖြင့် နောက်မှလိုက်ကစားခဲ့ရပြီး နောက်ကျဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်အသင်းအတွက် ဂိုးများကို ၁၃မိနစ်တွင် ရှိုင်းထက်အောင်၊ ၅၂ မိနစ်တွင် အောင်ဝင်းခန့်၊ ၈၂ မိနစ်တွင် သန်းထက်မိုးတို့က သွင်းယူပြီး YB United အသင်းအတွက် ချေပဂိုးများကို ၆၂ မိနစ်တွင် ချစ်သဲပိုင်၊ ၆၉ မိနစ်တွင် အောင်မြင့်မြတ်တို့က သွင်းယူခဲ့သည်။ ယခုပွဲအပြီးတွင် တက္ကသိုလ်အသင်းက ကိုးပွဲကစား ၁၇ မှတ်၊ YB United အသင်းက ကိုးပွဲကစား အမှတ်မရသေးပေ။

 

ပွဲစဉ်(၉) ဒုတိယနေ့ကို ဇန်နဝါရီ ၃ ရက်တွင် တက္ကသိုလ်ကွင်း၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး ကချင်ယူနိုက်တက်အသင်းနှင့် Glory Goal အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MNL