နယ်ပယ်ကဏ္ဍအသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၄
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သဘင်ဆောင်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။
အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ်နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ ဂုဏ်ထူးဆောင်ဘွဲ့ရရှိ ကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ယနေ့သည် မိမိတို့နိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြန်လည်ရယူခဲ့ပြီး လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်မှာ (၇၈) နှစ်ပြည့်မြောက်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်ယခုကဲ့သို့ လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါ သမယတွင် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြီး ဘွဲ့ခံပုဂ္ဂိုလ်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်အပ်နှင်းခွင့်ရသည့်အတွက် မိမိအနေဖြင့် အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်ရသည်ကို ပြောကြားလိုကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် အစဉ်ထာဝရ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် နိုင်ငံတော်၏ အသက်ခန္ဓာပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အင်အားကြီးနိုင်ငံ နှစ်ခုကြားတွင် တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်းကြောင်း နောက်ခံများနှင့်အတူ ပထဝီ အနေအထားအရ အဓိကကျသည့်နေရာတွင် ရှိနေသည့်အပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများလည်း ရှိနေကြကြောင်း၊ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံပြိုကွဲမည့် အခြေအနေမျိုးနှင့် ထပ်မံကြုံတွေ့လာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူပြီး အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်ကြပြီး နိုင်ငံအတွက် ကောင်းသည့်အမွေကို ပေးခဲ့ကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့ကာလ၊ မိမိတို့မျိုးဆက်များသည် နိုင်ငံအပေါ်သစ္စာရှိပြီး တာဝန်ကျေပွန်မည်ဖြစ်ကြောင်း။
ထိုသို့ အသက်တမျှအရေးကြီးလှသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် မြန်မာ့တပ်မတော်က တိုင်းရင်းသားပြည်သူများနှင့် တွဲလက်ညီညီ သက်စွန့်ကြိုးပမ်းရင်ဆိုင် ကာကွယ်ခဲ့ကြကြောင်း၊ ထို့ကြောင့်လည်း ယနေ့အထိ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့နေခြင်းဖြစ်သည်ကို ဘွဲ့ခံပုဂ္ဂိုလ်ကြီးများ၊ ဧည့်သည်တော်ကြီးများအားလုံး အသိပင်ဖြစ် ကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန် အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် လေးနက်စွာ ခံယူစောင့်ထိန်းကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်မှာ ထင်ရှားကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုစွမ်းအားကို အားကောင်းစေသည့် စစ်မှန် စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက အထူးအလေးထားပြီး တက်ညီလက်ညီ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများဆိုသည်မှာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းက ဆောင်ရွက်ခြင်းထက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအားသည် အဓိကကျကြောင်း၊ ထိုသို့ အင်အားများ စုစည်းပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း သည် ပိုမိုထိရောက်အောင်မြင်မှုရှိမည်ကို မိမိတို့အစိုးရအနေဖြင့် နှစ်နှစ်ကာကာ လက်ခံယုံကြည် ထားပြီး လက်တွေ့တွင်လည်း ထိုအတိုင်းပင် အကောင်အထည်ဖော် ကျင့်သုံးနေကြောင်း။
ထိုသို့ပူးပေါင်းဆောင်ရွက်မှုများကြောင့်ပင် ယနေ့နိုင်ငံတော်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လက်နက်ကိုင် အကြမ်းဖက်မှုအန္တရာယ်များနှင့် အခက်အခဲများကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ် ဖြေရှင်းနိုင်ပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်နေခြင်းပင် ဖြစ်ကြောင်း၊ ထို့အပြင် သိပ်မဝေးသေးသည့် ကာလများအတွင်းကဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးနှင့် ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်၊ အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး ဘေးအန္တရာယ်များကိုလည်း နိုင်ငံတော်အစိုးရနှင့် ကဏ္ဍပေါင်းစုံက ပုဂ္ဂိုလ်များနှင့် အတူ ပြည်သူအားလုံး အတူလက်တွဲပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြခြင်းသည် မိမိတို့၏ စည်းလုံးညီညွတ်မှု သာဓကပင် ဖြစ်ကြောင်း။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ဖြစ်ပေါ် လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီး စွမ်းဆောင်နိုင်ခဲ့သည့်ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်သည့် ပုဂ္ဂိုလ်များအပေါ်တွင် လေးစား တန်ဖိုးထားသည့်အနေဖြင့် နှစ်စဉ်သာမက နေ့ထူးနေ့မြတ်တိုင်းတွင် ဂုဏ်ပြုချီးမြှင့်မှုများပြုလုပ် လျက်ရှိကြောင်း။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ယနေ့ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အဖြစ် ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်က အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၂၅ နှင့် ချီးမြှင့်ခဲ့သည့် စည်သူဘွဲ့ ၁၃ ဦး၊ သီရိပျံချီ ဘွဲ့ ကိုးဦး၊ ဇေယျကျော်ထင်ဘွဲ့နှစ်ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့လေးဦး၊ အလင်္ကာကျော်စွာဘွဲ့လေးဦး၊ မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၂၅ နှင့် ချီးမြှင့်ခဲ့သည့် ဝဏ္ဏကျော်ထင်ဘွဲ့သုံးဦး၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၂၀၃/၂၀၂၅ နှင့် ချီးမြှင့်ခဲ့သည့် သီရိပျံချီဘွဲ့တစ်ဦး၊ ဇေယျကျော်ထင်ဘွဲ့ ခုနစ်ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၀ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ခြောက်ဦး၊ သိပ္ပကျော်စွာဘွဲ့ ၁၇ ဦး စုစုပေါင်းဘွဲ့ခံပုဂ္ဂိုလ် ၇၆ ဦးရှိသည့်အနက် အခမ်းအနား တက်ရောက်လက်ခံရယူသည့် ဘွဲ့ခံ ပုဂ္ဂိုလ်များကို သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၏ အဆောင်အယောင် တံဆိပ် နှင့် ဂုဏ်ပြုစာလွှာများ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဖြတ်သန်းလာခဲ့သည့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးစနစ်အမျိုးမျိုးကို ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစပြီး ပြည်သူတစ်ရပ်လုံး လိုလား တောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသည့် တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး တပ်မတော်သားများသည်လည်း ပြည်သူလူထုကြားက ပေါက်ဖွား လာကြသူများပင်ဖြစ်ကြောင်း။
ထို့ကြောင့် တပ်မတော်အနေဖြင့် ပြည်သူများ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် အဆင့်ဆင့် ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခက်အခဲ၊ အကျပ် အတည်းများကို တပ်မတော်ကပင် ဦးဆောင် ဖြေရှင်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ တော်တွင် ကြုံတွေ့ခဲ့ရသည့် သမိုင်း ကြောင်းများကို နိုင်ငံသားအားလုံး မှန်မှန်ကန်ကန် လေ့လာသိရှိနားလည် နိုင်ကြရန် လိုအပ်သည်ကို ပြောကြား လိုကြောင်း။
မိမိတို့ တာဝန်ယူသည့် ကာလတစ်လျှောက်လုံး အများပြည်သူလိုလား တောင့်တသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ထူထောင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်နှင့် နိုင်ငံ၏အဓိကကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်မှုများ တိုးတက်စေရန်၊ နိုင်ငံသားတိုင်းအတွက် အရေးကြီးသည့် ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူမှုစီးပွား ဘဝများတိုးတက်ရန်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံတော် အာဏာကို ရွေးကောက်ပွဲမှ ပေါ်ပေါက် လာသည့် အစိုးရကို ချောမောအောင်မြင် စွာ လွှဲပြောင်းပေးနိုင်ရန်အတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက် သည် မှန်သမျှကို ဦးတည်ချက်၊ ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။
သို့သော်လည်း နိုင်ငံနှင့်ပြည်သူ ကောင်းရာကောင်းကျိုးကို မလိုလားသည့် ပြည်ပနိုင်ငံတချို့နှင့် စဉ်းစားတွေးခေါ်မှု နည်းပါးပြီး လမ်းမှားလိုက်နေကြသည့် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်း တချို့၊ အသိဉာဏ်နည်းပါးသည့် အကြမ်း ဖက်သမားများနှင့် အားပေးထောက်ခံသူများကြောင့် ယခုအချိန်တွင် အောင်မြင် သင့်သလောက် မအောင်မြင်သည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ယနေ့ ဘွဲ့ခံ ပုဂ္ဂိုလ်များထဲတွင်ပါသည့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသူများ၊ အသိပညာ အတတ်ပညာနှင့် နိုင်ငံကိုဘက်ပေါင်းစုံက တိုးတက်အောင်ဆောင်ရွက်နေကြသူများ ရှိသလို ပြည်တွင်း ပြည်ပ၏ အဖျက်အမှောင့်ပယောဂကို ယုံစားပြီး အသိပညာနည်းပါးသည့် ကိုယ်ကျိုးအတ္တသမားများ၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သူများလည်း ရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများအပေါ် မိမိတို့အနေဖြင့်စိတ်မပျက် လက်မလျှော့ဘဲ အားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပြီး ကောင်းမွန်သည့် နိုင်ငံ၏အနာဂတ်ကို အောင်မြင်အောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဆက်လက်ကျင်းပသွားမည်
မိမိတို့အနေဖြင့် ချမှတ်အကောင်အထည်ဖော်နေသည့် လုပ်ငန်းစဉ်များနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို မကြာသေးမီက အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည် ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့အပြင်လာမည့်ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် အပိုင်း (၂) ကို ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အနေဖြင့်လည်း ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းပြီး ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူများနှင့် ရင်ဆိုင်ဆဲအမှုများကို ဥပဒေနှင့်အညီ လွတ်ငြိမ်း ချမ်းသာမှုများနှင့် ပြစ်ဒဏ်လျှော့ပေါ့ ကင်းလွတ်ခွင့်ပြုပေးခဲ့သည်ကို အားလုံး အသိပင် ဖြစ်ကြောင်း။
နိုင်ငံသားအားလုံး၏အားသည် နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ယခုကဲ့သို့ အင်တိုက်အားတိုက်ဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း။
နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရတစ်ရပ်တည်းက ကြိုးပမ်းအကောင် အထည်ဖော်ရုံနှင့် ပြည့်စုံလုံလောက်မှုမရှိနိုင်ကြောင်း၊ နယ်ပယ်ကဏ္ဍအသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စွမ်းဆောင်နိုင်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးက ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့အားလုံးမျှော်မှန်းထားသည့် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အချိန်တိုအတွင်း အကောင်အထည် ဖော်နိုင်ကြမည်ဖြစ်ကြောင်း။
နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများဆိုသည်မှာ မည်သည့်နေ့ရက်တွင် ပြီးမြောက် အောင်မြင်သွားပြီ ဆိုပြီး သတ်မှတ်လုပ်ဆောင်ရသည့် ရေတိုလုပ်ငန်းမဟုတ်ကြောင်း၊ စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော်နေရသည့် ရေရှည်လုပ်ငန်းစဉ်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် လက်တွဲကြိုးပမ်း နေသူများကလည်း အမျိုးသားအကျိုး စီးပွားအတွက် ဆက်လက်ပြီး လက်တွဲ ဆောင်ရွက်ပေးကြရန်၊ ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ခြင်း မပြုရသေးသူများ အနေဖြင့်လည်း အမျိုးသား အကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွားကို ရည်မျှော်ပြီး နိုင်ငံတော်အစိုးရနှင့် အမြန်ဆုံး လက်တွဲဆောင်ရွက်ပေးကြရန် တိုက်တွန်း အပ်ကြောင်း၊ ထို့အပြင်အမြင်မတူ သဘောထား ကွဲလွဲနေကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့်လည်း ပဋိပက္ခများမှ တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရန် ထပ်မံဖိတ်ခေါ်ကြောင်း။
ဘွဲ့ခံပုဂ္ဂိုလ်ကြီးများ၊ ဧည့်သည်တော်ကြီးများအနေဖြင့် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပြီး အသက်ရှည်ရှည် ကျန်းကျန်းမာမာနှင့် မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ နိုင်ငံတော်၏ အကျိုးကို ဆတက်ထမ်းပိုး တိုးပွားအောင် သယ်ပိုး ရွက်ဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုမွန် တောင်းကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့များ ဖြစ်ကြသည့် စည်သူဘွဲ့ ၁၃ ဦး၊ တပ်မတော်စွမ်းရည် သတ္တိဘွဲ့များဖြစ်ကြသည့် သီဟသူရဘွဲ့ ရရှိသူ နှစ်ဦးနှင့် သူရဘွဲ့ရရှိသူ တစ်ဦး၊ သီရိ ပျံချီ ဘွဲ့ ၁၀ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ကိုးဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၇ ဦး၊ အလင်္ကာ ကျော်စွာဘွဲ့ရှစ်ဦး၊ သိပ္ပကျော်စွာဘွဲ့ ၁၁ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦး ချင်း လက်ရောက်ချီးမြှင့် အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက ဂုဏ်ထူးဆောင် ဘွဲ့ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ နှင့် ၎င်းတို့၏မိသားစုဝင်များအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


