တန်ဖိုးကြီးမားသည့် လွတ်လပ်ရေးနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်၏ နက်ရှိုင်းကျယ်ပြန့်မှုကို သိရှိပြီး ကျရာကိုယ်စီတာဝန်များကို ရဲရဲဝံ့ဝံ့ ကျေပွန်စွာထမ်းဆောင်
နေပြည်တော် ဇန်နဝါရီ ၄
တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့် အပ်နှင်းပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ်နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူးနှင့်ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ် လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် လွတ်လပ်ရေးဟူသည်မှာ မိမိတို့ မြန်မာတစ်မျိုးသားလုံးအတွက် အဖိုးအနဂ္ဃ ထိုက်တန်သည့် ရတနာတစ်ပါးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်စဉ်ကျရောက်မြဲဖြစ်သည့် လွတ်လပ်ရေးနေ့သည် နိုင်ငံသူနိုင်ငံသားအားလုံးအတွက် တန်ဖိုးထား ဂုဏ်ယူဖွယ်ရာ အမွန်မြတ်ဆုံးသော နေ့ထူးနေ့မြတ် အခါသမယတစ်ခုပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ အခါသမယ ရောက်တိုင်း နိုင်ငံတော်၏ လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းရွက်ခဲ့ကြသည့် သူရဲကောင်းစစ်သည်တိုင်းကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် ပေးအပ်လျက်ရှိကြောင်း။
ယနေ့အခမ်းအနားတွင်လည်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အသက်နှင့်ခန္ဓာကို ပဓာနမထားဘဲ သူရဲကောင်းတို့ထုံးနှလုံးမူပြီး ပြည့်ဝသည့် ရဲစွမ်းသတ္တိနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်း၌ ဝါဒစွဲကြီးမားမှုမှ အခြေခံပြီး ဂိုဏ်းဂဏ ကွဲပြားမှုများကတစ်ဆင့် ပြည်တွင်းသောင်းကျန်းမှု ကာလကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြန်ကြောင်း၊ ယင်း ကာလအတွင်း အစိုးရအဖွဲ့အမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုးနှင့် ဆူကြုံနိမ့်မြင့် ဖြတ်သန်း ခဲ့ရာတွင်လည်း တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အခြေခံပြီး အမျိုးသားရေး တာဝန်များကို ဦးလည် မသုန် ကျေပွန်အောင် ထမ်းရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်သည် ဆူကြုံနိမ့်မြင့် ခရီး အသွယ်သွယ်တွင် စစ်ရေးတိုက်ပွဲများကိုသာမက နိုင်ငံရေးတိုက်ပွဲများကိုလည်း မလွဲမသွေ ရင်ဆိုင်ဆင်နွှဲရင်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှုဟူသည့် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ခုကိုပါ စိုက်ထူနိုင်ခဲ့ကြောင်း၊ ယင်းသည်သမိုင်းစဉ်များ ကချီးမြှင့်သည့် မိမိတို့တပ်မတော်၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ဒြပ်တစ်ခု လည်းဖြစ်ကြောင်း။
လွတ်လပ်ရေးသမိုင်းစဉ်၏ ညွှန်းဆိုပြသမှု၊ ပြည်တွင်းသောင်းကျန်းမှုကာလ သမိုင်းစဉ်များ၏ ညွှန်းဆို ပြသမှုများနှင့် ယနေ့မျက်မှောက် တာဝန်ကျေပွန်ခဲ့မှုများကို ကြည့်ရမည်ဆိုပါက တပ်မတော်သည် မျိုးချစ်စိတ်ကို အခြေခံပြီး သန္ဓေတည်မွေးဖွားလာသည့် မျိုးချစ်တပ်မတော် တစ်ရပ်ဖြစ်ကြောင်းကို သိသာထင်ရှားစွာ တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်အမိမြန်မာနိုင်ငံတော်အတွက် ခိုင်မာ အားကောင်းပြီး စွမ်းရည်သုံးရပ်နှင့် ပြည့်စုံသည့် တပ်မတော်တစ်ရပ်ဖြစ်သည်ဟူသည့် ဂုဏ်ဒြပ် တစ်ခုကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်ကာလတွင် တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ အနေဖြင့် တပ်မတော်၏ဂုဏ်ဒြပ်ကို လေးစားတန်ဖိုးထားကြရမည်ပင်ဖြစ်ကြောင်း၊ ထို့ပြင် တန်ဖိုး ကြီးမားသည့် လွတ်လပ်ရေးနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်၏ နက်ရှိုင်းကျယ်ပြန့်မှုကိုသိရှိပြီး ကျရာကိုယ်စီ တာဝန်များကို ရဲရဲဝံ့ဝံ့ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လေးလေးနက်နက် တိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေး စွမ်းအားစုတစ်ရပ် တည်ဆောက်ပိုင်ဆိုင် ထားနိုင်ခြင်းပင်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးကိုကြည့်မည် ဆိုပါကလည်း မိမိနိုင်ငံ၏ နယ်နိမိတ် အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် စစ်အင်အားများတိုးချဲ့ခြင်းနှင့် ခေတ်မီ လက်နက်အသစ်အဆန်းများ စမ်းသပ်တီထွင်ထုတ်လုပ်ခြင်းများ အပြိုင်အဆိုင်ဆောင်ရွက် နေကြသည်ကို တွေ့ကြရမည် ပင်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင်လည်း Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် မိမိတို့နိုင်ငံ၏ တပ်မတော်ကိုလည်း တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား တည်ဆောက်လျက် ရှိကြောင်းကို ပြောကြားလိုကြောင်း။
တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏မူဝါဒနှင့် ဦးတည်ချက်များကို လိုက်ပါ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ လက်ရှိအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များမှ စတုတ္ထအချက်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” လုပ်ငန်းစဉ်တွင်လည်း ယနေ့ထက်တိုင် လိုက်ပါအကောင်အထည် ဖော်ဆောင်နေလျက်ရှိသည်ကိုလည်း တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ဒီမိုကရေစီစနစ် ပီပြင်ခိုင်မာရန်ဆိုပါက ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ကြရမည်ဖြစ်ပြီးတပ်မတော်အနေဖြင့်လည်း ပြည်သူလူထု နှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ယနေ့နိုင်ငံတော်သည် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပြည်သူ လူထု၏ ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီး ရွေးကောက်ပွဲ အပိုင်း(၂)နှင့် (၃)ကို ယခုလအတွင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသည် တပ်မတော်၏ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် အလေးထားမှု၊ ကတိကို ကတိအတိုင်း ဆောင်ရွက်မှု၊ သစ္စာရှိမှုကို ပြသခြင်းပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့တပ်မတော်သား အဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ်ကြောင်း၊ ယင်းကို နိုင်ငံတော်နှင့် တပ်မတော်က အစဉ်အသိအမှတ်ပြု ဂုဏ်ယူနေမည်ဖြစ်ကြောင်း။
အများသူငါ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို အသက်ကို မငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စားမှု အပြည့် ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သူများအတွက် နှစ်စဉ်လွတ်လပ်ရေးနေ့ အခါသမယ ရောက်တိုင်း တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးလျက်ရှိရာ ယခုအခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၅၁ ဦးကို အစဉ်အလာကောင်းများနှင့် အညီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။ ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့်လူမျိုး အပေါ်ထားသည့် သစ္စာတရားများကြောင့် ယခုကဲ့သို့ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တပ်မတော် မိသားစုဝင်များ၏ နောင်ရေး စိတ်အေးချမ်းသာစေရေး လိုအပ်သည်များကို စီမံဆောင်ရွက်ပေး လျက်ရှိပြီး စွန့်လွှတ်စွန့်စားသည့် စစ်သည်တော်ကောင်းများဖြစ်လာစေရေး နိုင်ငံတော်၊ တပ်မတော် အနေဖြင့် ဆောင်ရွက်ပေးသင့်သည်မှန်သမျှကို ဆက်လက်စီမံဆောင်ရွက်ပေးရန် အမြဲအသင့်ရှိ ကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များအနေဖြင့် တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရင်း တပ်မတော်၏ဂုဏ်ကို မြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
“လုံ့လလည်းရှိ၊ ဉာဏ်ကဝိနှင့်၊ သတ္တိရဲရောင်၊ ပွဲကြီးအောင်သည်၊ စွမ်းဆောင်လုံ့လ အကျိုးတည်း”ဟူသည့် လင်္ကာအတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ သူရသတ္တိပြောင်မြောက်စွာ ထမ်းဆောင်ရင်း ဆုတံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း ခံရသူများသည် တပ်မတော်၏ အစဉ်အလာကောင်းများကို အမွန်မြတ်ဆုံး ပေးဆပ်မှုများနှင့် သက်သေပြခဲ့သူများဖြစ်သဖြင့် ပြည်သူ့သားကောင်း အာဇာနည်များအဖြစ် အမြဲအမှတ်ရ လေးစား ဂုဏ်ယူ နေမည်ဖြစ်ကြောင်းကို ပြောကြားလို ကြောင်း၊ ထို့အပြင် ဆုများချီးမြှင့်ခြင်း မခံရသော်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာနေရာ အသီးသီးတွင် ပေးအပ်သည့်ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေကြသူများကိုလည်း အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း အစဉ်အလာကောင်းများနှင့်အတူ နောင်လာမည့် မျိုးဆက်သစ်များကို လွတ်လပ်ရေး၏ တန်ဖိုးနှင့်အနှစ်သာရများ၊ သူရသတ္တိတို့နှင့် ပြည့်စုံခဲ့သည့် စစ်သည်တို့၏ ဂုဏ်ဒြပ်များနှင့်အတူ နိုင်ငံ့ သမိုင်းဂုဏ်ရှိန်ထည်ဝါခဲ့သည့် မြန်မာတို့ ၏ ရာဇဝင်များကို ဆင့်ကဲမျှဝေရင်း ဇာတိ သွေး၊ ဇာတိမာန် ထက်သန်သည့် မျိုးဆက် သစ်ကောင်းများ ပေါ်ထွန်းလာအောင် လက်ဆင့်ကမ်း အမွေပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး ခုနစ်ဦး၊ ဒုတိယ ဗိုလ်မှူးကြီး ခြောက်ဦး၊ ဗိုလ်မှူး ၁၄ ဦး၊ ဗိုလ်ကြီး လေးဦး၊ ဗိုလ် တစ်ဦး၊ ဒုတိယ အရာခံဗိုလ် လေးဦး၊ အုပ်ခွဲတပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ် ကြီး သုံးဦး၊ တပ်ကြပ် ငါးဦး၊ ဒုတိယ တပ်ကြပ်ခြောက်ဦးတို့အား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ခံရသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံပြီး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြု ဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


