နေပြည်တော် ၁၉ မတ်
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မော်တော်ယာဉ်အရောင်းစင်တာ (၁၃၂)ခု၊ အရောင်းပြခန်း (၃၈)ခုတို့အား ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ကြောင်း၊ စည်းကမ်းချက်များလိုက်နာရန် ပျက်ကွက်ခဲ့သည့် အရောင်းစင်တာ (၈၅) ခုကိုလည်း ပိတ်သိမ်းအရေးယူခဲ့ပြီဖြစ်ကြောင်း၊
ကော်မတီမှ ဆုံးဖြတ်သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် နှစ်စဉ်သတ်မှတ်ထုတ်ပြန်ခဲ့သော ပြည်ပမှတင်သွင်းယာဉ်ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကို ဌာနများအနေဖြင့် လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ဌာနမှထုတ်ပြန်ထားရှိသည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များကိုလည်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊
ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်ပတ်သက်ပြီး ဌာနဆိုင်ရာအချင်းချင်း လုပ်ထုံးလုပ်နည်း မတူညီမှုမရှိစေရေးအတွက် ဝိုင်းဝန်အဖြေရှာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် ပတ်သက်၍ အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပါရန် စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းပေါင်းစပ်ကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


