နေပြည်တော် ၁၉ မတ်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မတ် ၁၈ ရက် နံနက်ပိုင်းတွင် ADB ချေးငွေဖြင့် အိန္ဒု-ကော့ကရိတ် လမ်းအပိုင်းအား CHINA ROAD AND BRIDGE CORPORATION (CRBC) မှ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား CRBC မှ တာဝန်ရှိသူက အိန္ဒု-မြို့တွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ စက်ယန္တရားများဖြင့် အောက်ခံလမ်းသား အမာခံရရှိအောင် ခင်းကြိတ်နေမှု၊ နည်းပညာအသစ်ဖြင့် လမ်းအလွှာအလိုက် ခင်းကြိတ်နေမှုလုပ်ငန်းများအား ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက ယာဉ်သွားလာမှု များပြားသော လမ်းအပိုင်းဖြစ်၍ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် CRBC ရုံး၊ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူက အိန္ဒု-ကော့ကရိတ် လမ်းအဆင့်မြှင့်တင်လုပ်ငန်း ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CRBC မှ လမ်း၊ တံတားလုပ်ငန်းများတွင် အသုံးပြုသည့် ကွန်ကရစ်ဖျော်စက်နှင့် Girder များ ကြိုတင်သွန်းလောင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


