နေပြည်တော် ၁၉ မတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးဝါးစက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးဝါးစက်ရုံ၌ ကျင်းပသည်။
ပထမဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေတို့က တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် တိုင်းရင်းဆေးဝါးစက်ရုံအတွင်း၌ တိုင်းရင်းဆေးဝါးကုန်ကြမ်းများ သိုလှောင်ခြင်း၊ သန့်စင်ခြင်း၊ အခြောက်လှန်းခြင်း၊ ကြိတ်ခွဲအမှုန့်ပြုလုပ်ခြင်း၊ ထုတ်ပိုးခြင်း စသည့် ဆေးဝါးထုတ်လုပ်ပုံ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းရင်းဆေးဝါးစက်ရုံဧည့်ခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဤတိုင်းရင်းဆေးဝါးစက်ရုံသစ်ကြီးအား (၂၀၁၂-၁၃) ခု ဘဏ္ဍာနှစ်မှစ၍ စတင်ဆောက်လုပ်ခဲ့ရာ တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ်ငွေ (၃ ဒသမ ၆၅)ဘီလီယံနှင့် စက်နှင့်စက်ပစ္စည်းများအတွက် ကျပ်ငွေ (၁ ဒသမ ၀၂) ဘီလီယံ စုစုပေါင်းကျပ်ငွေ (၄ ဒသမ ၆၇) ဘီလီယံ ကျခံသုံးစွဲခဲ့ရသည့်အတွက် ကုန်ကျငွေနှင့် ထိုက်တန်သည့် အကျိုးရလဒ်နှင့် စွမ်းဆောင်ရည်အပြည့် ထုတ်လုပ်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း။
ယခုစက်ရုံ စတင်ဖွင့်လှစ်သည့်အချိန်၌ အပြည့်အဝ ထုတ်လုပ်လည်ပတ်နိုင်ခြင်း မရှိသေးသော်လည်း အလုံးစုံအပြည့်အဝ လည်ပတ်ထုတ်လုပ်နိုင်အောင် လိုအပ်သော ဘဏ္ဍာငွေများကို (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာနှစ်၌ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း။
ထိုကဲ့သို့ အပြည့်အဝ လည်ပတ်နိုင်အောင်အတွက်လည်း စက်ရုံ၏ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသွားရန် လိုအပ်မည်ဖြစ်ပြီး သုတေသနဌာန၊ စီမံကိန်းဌာန၊ သတင်းအချက်အလက်နှင့် စာရင်းဇယားမှတ်တမ်းဌာန၊ လေ့လာသုံးသပ် စောင့်ကြည့်ရေးဌာနများ ဖွဲ့စည်းဆောင်ရွက်ရန် အရေးကြီးကြောင်း။
တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကုဌာနများတွင် သုံးစွဲမှုများပြီး အာနိသင်ထက်မြတ်သည့် ဆေးဝါးများကို ပိုမိုထုတ်လုပ်ဖြန့်ဖြူး ပေးသွားရမည်ဖြစ်ကြောင်း။
အာနိသင်ထက်မြတ်သော ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် အလွန်အရေးကြီးသော ဆေးဝါးကုန်ကြမ်း ဝယ်ယူရေးတွင်လည်း စံနှုန်းများသတ်မှတ်၍ အဖွဲ့နှင့် တိုင်ပင်ဆွေးနွေး၍ ဝယ်ယူရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေးဝါးများကို သေသပ်လှပအောင် ထုတ်ပိုးပြီး ဆေးအညွှန်းနှင့် လမ်းညွှန်ချက်များကို လူအများနားလည်အောင် မြန်မာလိုရေးသားစေလိုကြောင်း။
နိုင်ငံတကာအဆင့်အတန်းမီ တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ခေတ်မီနည်းစနစ်ဖြင့် တိုင်းရင်းဆေးဝါးများ ကျယ်ပြန့်စွာ ထုတ်လုပ်လျက်ရှိသော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ စေလွှတ်ပြီး သွားရောက်လေ့လာစေမည် ဖြစ်ပါကြောင်း။
တိုင်းရင်းဆေးဝါးစက်ရုံကြီး ဆထက်ထမ်းပိုးအောင်မြင်အောင် အားလုံးဝိုင်း ဝန်းပူးပေါင်း ညီညွှတ်စွာဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က အမှာစကားပြောကြားခဲ့ပြီး စက်ရုံမှူး ဒေါ်မီမီက တိုင်းရင်းဆေးဝါးစက်ရုံအကြောင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွှေက ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းရင်းဆေးဝါး စက်ရုံဖွင့်လှစ်လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ဝန်ထမ်းများနှင့် ပုဂ္ဂလိက တိုင်းရင်းဆေးဝါးကုမ္ပဏီများကို ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်သည်။
ဤကဲ့သို့ တိုင်းရင်းဆေးဝါးစက်ရုံကို ဖွင့်လှစ်လည်ပတ်နိုင်ခြင်းဖြင့် တိုင်းရင်းဆေးဝါးများကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ အစွမ်းအာနိသင်ထက်မြက်၍ အရည်အသွေးပြည့်ဝစွာဖြင့် လျာထားချက် ပြည့်မီအောင် ထုတ်လုပ်ပေးကာ ပြည်သူ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးရာတွင် အဓိကလိုအပ်ချက်ဖြစ်သော တိုင်းရင်းဆေးဝါးများကို ထောက်ပံ့ပေးလာနိုင်မည်ဖြစ်သည်။
ပြည်ထောင်စု၀န်ကြီးသည် နံနက် (၁၁)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးတက္ကသိုလ် အထူးအကြံပေးအဖွဲ့မှ တိုင်းရင်းဆေးတက္ကသိုလ်အားအလုံးစုံ ခြုံငုံလေ့လာ သုံးသပ်ခဲ့မှုအစီရင်ခံစာအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို တက်ရောက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် တိုင်းရင်းဆေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ရီရှင်းဟိုး(လ်)ဒင်း ကုမ္ပဏီလီမိတက်၊ ဖိုက်အိုးရှင်း(စ်) ဆားဗစ်(စ်)လီမိတက် (ညိမ်းဆေးရုံ၊ မြို့တော်ဆေးရုံ) မိသားစုမှ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းသည့်ကျပ်သိန်း (၁၈၅၀) တန်ဖိုးရှိ 16 slice CT Scan နှင့် အဆောက်အဦ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်၍ ကျေးဇူးတင် အမှာစကား ပြောကြားကာ အလှူရှင်ဒေါက်တာကြည်ရှင်နှင့် မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


