နေပြည်တော် ၁၉ မတ်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြင့်ဝင်း၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းတို့နှင့်အတူ နံနက် မတ် ၁၈ ရက် ၁၁ နာရီခွဲတွင် ကချင်ပြည်နယ် ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကချင်ပြည်နယ် အခြေခံပညာရေးမိသားစုများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ သွားရေး၊ လာရေး ခက်ခဲသောဒေသများ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေးနှင့် ပညာဆက်လက်သင်ယူခွင့် ရရှိရေးအတွက် စိတ်ရှည်စွာဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ (Grade-3) တတိယတန်းပြီးသော ကလေးတိုင်း မြန်မာစာဖတ်တတ်၊ ရေးတတ်ရေး၊ သင်္ချာတွက်တတ်ရေးနှင့် စဉ်းစားတွေးခေါ်မှုကိုအားပေး၍ သင်ယူပြီးရင်း သင်ယူချင်စိတ်ဖြစ်ပေါ်နေရေး သင်ကြားသင်ယူမှုကောင်းမွန်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် အကျိုးရှိထိရောက်အောင် မိဘဆရာအသင်း၊ မိဘများနှင့် ပူးပေါင်းသုံးစွဲရန်လိုပါကြောင်း၊
မြို့နယ်ပညာရေးမှူးများအနေဖြင့် ကျောင်းများ၏ လိုအပ်ချက်များ၊ ဆရာဆရာမများ၏ အခက်အခဲများကို ဂရုတစိုက်လေ့လာ၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ခြင်းများနှင့် စာကြည့်တိုက်များကို အားပေးဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ပညာရေးအရည်အသွေး ကောင်းမွန်လာစေရေးအတွက် ဆရာ ဆရာမများသည် အလွန်အရေးကြီးပါကြောင်း၊ အရည်အချင်း ပိုကောင်းသူများကိုသာ တရားမျှတသော ယှဉ်ပြိုင်မှုဖြင့် ဆရာဆရာမများအဖြစ် ခန့်ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၏ လစာ၊ ခရီးစရိတ်၊ နေ့တွက်စရိတ်များ အပြည့်အဝရရှိရေး၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ကျောင်းလိုအပ်ချက်များ အချိန်မီဖြည့်ဆည်းရေး၊ တတိယတန်း(Grade-3) ကျောင်းသုံး ဖတ်စာအုပ်အသစ်များကို စတင်အသုံးပြုရန်အတွက် မူလတန်းပြဆရာ၊ ဆရာမများအားလုံးနှင့် ဆဋ္ဌမတန်း(Grade-6) ကျောင်းသုံးဖတ်စာအုပ်အသစ်များကို စတင်အသုံးပြုရန်အတွက် အလယ်တန်းပြ ဆရာဆရာမများအားလုံး နွေရာသီသင်တန်း တက်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဦးမြင့်ဝင်းက ဝေးလံခက်ခဲဒေသဖြစ်သော ခေါင်လန်ဖူးဒေသ ပညာရေးအခြေအနေနှင့် ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ဆရာ၊ဆရာများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိ်ုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ရိုးညွှန်းတမ်းသစ် စာအုပ်များ ပေးအပ်ရာ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူးက လက်ခံရယူသည်။
အခမ်းအနားသို့ ကချင်ပြည်နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


