မြိတ် ဇန်နဝါရီ ၈

 

တိုင်းဒေသကြီးအစိုးရအဖွဲ့က မြိတ်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို မြိတ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွန်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက် ကုန်ပစ္စည်းများကို မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ အတွင်းရေးမှူးထံသို့လည်းကောင်း ပေးအပ်ကာ မြိတ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြိတ်မြို့ ဘုရားငါးဆူ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် မတည်ငွေပေးအပ်ပွဲသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြိတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မတည်ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန် မတည်ငွေကျပ် သိန်း ၅၀၀ နှင့် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာအဖွဲ့ တူညီဝတ်စုံအတွက် ငွေကျပ်သိန်း ၅၀ ပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)