ပရီမီယာလိဂ်ပွဲစဉ် (၂၁) မှ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့် အမှတ်ပေးဇယားဦးဆောင်သူ  အာဆင်နယ်နှင့် အသင်းကြီး လီဗာပူးအသင်းပွဲစဉ်ကို  ဇန်နဝါရီ ၉ ရက် နံနက် ၂ နာရီခွဲက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ  ဂိုးမရှိသရေရလဒ်ဖြင့်  အဆုံးသတ်ခဲ့သည်။

လီဗာပူးအသင်းသည် နိုင်ပွဲပျောက်ဆုံးမှုအဆုံးသတ်ရန် ခြေကုန်ထုတ်လာသော်လည်း အာဆင်နယ်အသင်း၏   တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ပွဲအပြီးတွင် သရေရလဒ်ထွက်ပေါ်ခဲ့ကာ နိုင်ပွဲနှင့် ဆက်လက်ဝေးကွာခဲ့သည်။ လီဗာပူးအသင်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ဝုဖ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီးနောက်ပိုင်း  နိုင်ပွဲပျောက်ဆုံးနေသည့် အသင်းဖြစ်သည်။

အိမ်ရှင်အာဆင်နယ်အသင်းက ဒုတိယနေရာမှ အနီးကပ်ဖိအားပေးလျက်ရှိသည့် ပြိုင်ဘက် မန်စီးတီးအသင်း၏ သရေကျမှုကို အခွင့်ကောင်းယူရန် နိုင်ပွဲရရေး  အာရုံစိုက်ကစားလာသော်လည်း  အသင်းကစားသမားများ၏   အဆုံးသတ်ပိုင်းအားနည်းမှုကြောင့်   သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။  ယခုပွဲစဉ်  သရေကျခဲ့သော် လည်း အာဆင်နယ်အသင်းသည် မန်စီးတီးအသင်းထက် ခြောက်မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ပရီမီယာလိဂ်ပွဲစဉ်(၂၁) အပြီးတွင်  အမှတ်ပေးဇယားကို  အာဆင်နယ်အသင်းက ရမှတ် ၄၉ မှတ်ဖြင့်  ဦးဆောင်ထားပြီး  ဒုတိယနေရာတွင်  မန်စီးတီးအသင်းက ရမှတ် ၄၃ မှတ်ဖြင့် အနီးကပ်ဖိအားပေးလျက်ရှိသည်။ လီဗာပူးအသင်းက ရမှတ် ၃၅ မှတ်ဖြင့် အဆင့် (၄)တွင် ရပ်တည်နေသည်။ 

အောင်ဇော်