နေပြည်တော် ဇန်နဝါရီ ၁၁
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်း ကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မဲရုံများအလိုက် မည်သည့်ဖိအား တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့်သဘောထား ဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသား ပီသစွာဖြင့် တစ်ခဲနက် ဆန္ဒမဲများပေးကြသည်။
ထိုကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံများသို့ သွားရောက် ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် လသာမြို့နယ်တို့ရှိ သက်ဆိုင်ရာ မဲရုံများ အလိုက် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာပါဝင် ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူ များအား ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်း နှီးနှီး မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများအား နှုတ်ဆက်ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့မှုအပေါ် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကလည်း ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး နိုင်ငံတော် ယာယီသမ္မတနှင့်အဖွဲ့ဝင်များအား ရင်းနှီးနွေးထွေးစွာ ပြန်လည်နှုတ်ဆက်ခဲ့ကြကြောင်းနှင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမှုခံစားချက် အတွေ့အကြုံများကို တင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


