နေပြည်တော် ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံး လွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်းရယူဖော်ထုတ် ဖမ်းဆီးရမိရေး စီမံချက်ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇၀ မှ တရားခံ ၇၅၆၂ ဦး တို့ကို ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ ဘိန်းတစ်တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန် ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုကျော်၊ ကက်တမင်း ၁၅ တန်ကျော် အပါအဝင် အခြားမူးယစ်ဆေးဝါးများနှင့်အတူ မောင်းပြန်ရိုင်ဖယ် နှစ်လက်၊ ပစ္စတိုသေနတ် အလက် ၄၀၊ လုပ်သေနတ် နှစ်လက်၊ ကျည်မျိုးစုံ ၂၇၆၄ တောင့်၊ လက်ပစ်ဗုံး ငါးလုံးနှင့် ဒီတိုနေတာမျိုးစုံ အချောင်း ၁၈၇၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုရန် တရားမဝင် တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း Caffeine ၂၂ ဒသမ ၇ တန်ကျော်၊ Acetone လီတာ ၉၆၀၊ Toluene လီတာ ၅၀၄၀ ကျော်၊ Ammonium Chloride ငါးတန်၊ Sodium Cyanide နှစ်တန်ကျော်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် Sodium Carbonate ငါးတန်၊ Acetic Acid လီတာ၂၅၆၀၀ ကျော်၊ Nitric Acid လီတာ ၃၈၂၀ အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်း များနှင့် အခြားဓာတုပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပုံတတ်ကျေးရွာအနီး၌ ဘိန်းချက် စခန်းတစ်ခုကို ဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် စခန်းနှစ်ခုကို ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ်မြို့နယ် ဝမ်ကောင်းမွန်ကျေးရွာရှိ နေအိမ်မှ ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။
ထို့ပြင် ၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ဘိန်းစိုက်ခင်းများကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘိန်းစိုက်ခင်းစုစုပေါင်း ၅၀၈၄ ဒသမ ၅ ဧက (၂၀၅၇ ဒသမ ၆၆ ဟက်တာ) ကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက်ဖျက်ဆီးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်


