အစ္စလာမ္မာဘတ် ဇန်နဝါရီ ၁၁
ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ္မာဘတ်ရှိ မင်္ဂလာဆောင်အိမ်၌ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားသဖြင့် မင်္ဂလာဆောင်စုံတွဲအပါအဝင် ရှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းအာဏာပိုင်များက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုမှာ မင်္ဂလာပွဲကျင်းပနေသည့် လူနေအိမ်အဆောက်အအုံတစ်ခုအတွင်း ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က ဖြစ်ပွားရာ အနီးအနားရှိ အဆောက်အအုံများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သူ အာဖန်နာဝါ့ဇ်မီမွန်က ပြောကြားသည်။
ယခုအချိန်အထိ အပျက် အစီးများအောက်မှ ပိတ်မိနေသူ ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း တာဝန်ရှိသူက ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် အနီးအနားရှိ နေအိမ်လေးလုံးထက်မနည်း ထိခိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးပြီးနောက် ဖော်ပြသွားမည်ဖြစ်ကြောင်း အာဏာပိုင်များ ပြောကြားသည်။
ဆင်ဟွာ


