ဇန်နဝါရီ ၁၂

အာဖဂန်နစ္စတန်နိုင်ငံသို့ (၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်အထိ) ပါရှန်ပြက္ခဒိန်၏ ကိုးလအတွင်း နိုင်ငံခြားသား ၉၀၀၀ ခန့်အပါအဝင် ခရီးသွား ခြောက်သန်းကျော်သည် သမိုင်းဝင်နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြကြောင်း သတင်းအချက်အလက်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ခါဘစ်ဂါဖရန်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များနှင့်နှိုင်းယှဉ်ပါက ခရီးသွားအရေအတွက် တိုးလာခြင်းသည် ခရီးသွားများနှင့် ခရီးသွားလုပ်ငန်းအတွက် ပေးအပ်သောဝန်ဆောင်မှုများတွင် တိုးတက်မှုကို ညွှန်ပြနေပြီး စစ်ပြီးခေတ်နိုင်ငံတွင် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန် ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ခရီးသွားများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် အစိုးရအနေဖြင့် ဟိုတယ်များကဲ့သို့သော အဆောက်အအုံများ ပိုမိုတည်ဆောက်သွားမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အာရှနိုင်ငံများ၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် အာရပ်နိုင်ငံများမှ ခရီးသွားများသည် ထိုကာလအတွင်း လာရောက်လည်ပတ်ခဲ့ကြသူများထဲတွင် ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သို့ရာတွင် နိုင်ငံ၏ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ရရှိသော ဝင်ငွေကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို