နေပြည်တော် ဇန်နဝါရီ ၁၂
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဆက်စပ် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်က အွန်လိုင်းဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သေးသည့် သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ် ခဲ့ပြီး Job Ready Skill သင်တန်းများကိုလည်း တက္ကသိုလ်အသီးသီး၏ အားသာချက်အလိုက် ဆောင်ရွက်နိုင်မည့် သင်တန်းများကို စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးဆုံး သင်တန်းကာလကို သုံးလ၊ ခြောက်လနှင့် ကိုးလ သင်တန်းများ ဖွင့်လှစ်နိုင်ရန် လမ်းညွှန်ထားရှိကြောင်း၊ ကိုးလသင်တန်းပြီးမြောက်ပါက ဒီပလိုမာရရှိမည်ဖြစ်ပြီး ဆက်လက်ပညာသင်ယူနိုင်မည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအတွက်သာမက မူလတန်းနှင့် အလယ်တန်းများအတွက် အကောင်းဆုံးဖြစ်မည့် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်းအကြံပြု ပေးကြစေလိုကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် Grade-9 ပြီးဆုံးပါက Grade-10 ၊ 11 ၊ 12 သင်ကြားနေသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း စုစုပေါင်း ၈၉ ကျောင်း ရှိကြောင်း၊ အလယ်တန်းများဖြစ်သည့် Grade 6 ၊ 7 ၊ 8 ၊ 9 အတန်းများရှိ သင်ရိုးညွှန်းတမ်းများတွင် လာမည့် ပညာသင်နှစ်၌ စိုက်ပျိုးရေးနှင့် စက်မှုအခြေခံဘာသာ ရပ်များကို ထည့်သွင်းသင်ကြားပေးရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းဘာသာရပ်များကို သင်ကြားပေးရန် ကျွမ်းကျင်ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ကျွမ်းကျင်အတတ်ပညာ သင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်သေးသူများအတွက် အလုပ်အကိုင် အထောက်အကူပြု ကျွမ်းကျင်မှု အတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


