ကိုကိုချွန် (မော်လမြိုင်)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးကုန်ကူးသူများ၏ အလေ့အထများနှင့် ဒေသတွင်းဖြစ်ပေါ်နေသော အခြေအနေများအပေါ်သုံးသပ်ပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်ချဆောင်ရွက်နေရလျက်ရှိပါသည်။ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဖြင့် ကြုံတွေ့ခံစားနေရသော မူးယစ်ဆေးဝါးပြဿနာကို အလုံးစုံဖြေရှင်းနိုင်မည်မဟုတ်သော်လည်း တားဆီး နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ပြဿနာအတိုင်းအတာတစ်ခုကို ဖြေရှင်းပြီး ဖြစ်နေတတ်ပါသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကို ကာကွယ်ရန်မှာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထောက်အကူပြုစေသည့် “သုံးစွဲသူလက်ထဲ အလွယ်တကူမရောက်ရှိ နိုင်ရေးသည်” အရေးကြီးသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ မူးယစ် ဆေးဝါးထုတ်လုပ်ရာနေရာများမှာ တိုင်းရင်းသားလက်နက်ကိုင်များကြီးစိုးရာ နေရာဒေသများတွင်ဖြစ်သဖြင့် ထုတ်လုပ်ရာနေရာများမှ သယ်ယူပို့ဆောင်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လက်လီရောင်းချမှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းဖြင့် သုံးစွဲသူလက်အတွင်း အလွယ်တကူမရောက်ရှိရေးကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများဖြင့် ဟန့်တားထားရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးရောင်းချမှုများနှင့်သုံးစွဲမှုများ အတန်အသင့်ရှိခဲ့သော်လည်း ဒေသတွင်း နိုင်ငံဖြတ်ကျော် မူးယစ်ရာဇဝတ်ဂိုဏ်းများ၏ ပါဝင်ပတ်သက်လာမှုနှင့် ဒေသတွင်း ဈေးကွက်မြင့်တက်လာမှုများက ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို မြင့်တက်လာစေခဲ့ပါသည်။ ပြည်သူလူထုအတွင်း အထူးသဖြင့် လူငယ်ထုအတွင်း၌လည်း မူးယစ်ဆေးဝါးသုံးစွဲမှုများကို မြင့်တက်စေလျက်ရှိပါသည်။
မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သည့် ပုံစံများကို ပြန်လည်လေ့လာကြည့်လျှင် မူးယစ်ဆေးဝါးထုတ်လုပ်ရာဒေသများမှ မူးယစ်ဆေးအနည်းငယ်ကို လူတစ်ဦးချင်းစီမှ အခြားကုန်ပစ္စည်းများဖြင့် ကွယ်ဝှက်ကာ အကြိမ်ကြိမ်သယ်ဆောင်ခြင်း၊ မူးယစ်ဆေးအနည်း ငယ်ကို လူတစ်ဦးချင်းစီမှ အဆင့်ဆင့်သယ်ဆောင်ခြင်း၊ အကြိမ်ကြိမ် အနည်းငယ်သယ်ဆောင်ပြီး နေရာတစ်ခုတွင် စုစည်းခြင်းနှင့် အခြားနေရာတစ်ခုသို့ ထပ်မံသယ်ဆောင်မှုများကို အများဆုံးတွေ့ရှိရပါသည်။ နောက်ပိုင်းတွင် မူးယစ်ဆေးဝါးအမြောက်အမြားကို သိုဝှက်ပုံနည်းလမ်း အမျိုးမျိုးဖြင့် အဆင့်ဆင့်လက်ဆင့်ကမ်း သယ်ဆောင်လာကြပါသည်။ သယ်ယူပို့ဆောင်သူအဖြစ် အသုံးချခံသူများမှာ တစ်ဦးနှင့်တစ်ဦး မသိရှိဘဲ နောက်ကွယ်မှ ထိန်းချုပ်ကြိုးကိုင်သူ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရပါသည်။ ဥပမာနေရာတစ်ခုတွင် သော့တန်းလန်းဖြင့် ရပ်တန့်ထားသောယာဉ်များကို အခြားနေရာတစ်ခုသို့ မောင်းနှင်ရပြီး ရောက်ရှိရာနေရာတွင် ရပ်တန့်ထားခြင်းဖြင့် သယ်ယူပို့ဆောင်မှုကို အပိုင်းလိုက်၊ အကန့်စနစ်ဖြင့် လုပ်ဆောင်စေခြင်းဖြစ်ပါသည်။
လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ပြန်လည်လေ့လာကြည့်လျှင် AA အကြမ်းဖက်သောင်းကျန်းသူများကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ၏ ပါဝင်ပတ်သက်လာမှုများကြောင့် ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပုံစံမျိုးကို တွေ့ရှိလာရပါသည်။ တာဝန်ခံတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ထုတ်လုပ်သည့်အဆင့်မှ ဈေးကွက်သို့ ပို့ဆောင်၊ ရောက်ရှိသည်အထိ ဆောင်ရွက်လာသည်ကို တွေ့ရပါသည်။ မူးယစ်ဆေးဝါးအမျိုးမျိုးကို ပြည်တွင်းဖြန့်ဖြူးသည့်အဆင့်မှ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့ ကုန်းလမ်း၊ ရေလမ်းကြောင်းများ အသုံးပြုပြီး သယ်ဆောင်သည်အထိ ကျယ်ပြန့်လာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သောဖြစ်စဉ်များကို ပြန်လည်လေ့လာကြည့် ပါက မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နည်းနည်းနှင့်ပါဝင် ပတ်သက်နေကြသည်ကို တွေ့ရှိရပါသည်။
နှစ်အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ပါက ဖမ်းဆီးရမိသည့် မှုခင်းအရေအတွက်လျော့ကျသွားခဲ့ပြီး ဖမ်းဆီးရမိတရားခံများလည်း လျော့ကျသွားခဲ့ပါသည်။ သို့သော် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးပမာဏ လွန်စွာမြင့်မားနေခြင်းက မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများတွင် လူအနည်းငယ်က ဂိုဏ်း/အုပ်စုဖွဲ့ကာ အမြောက်အမြား သယ်ဆောင်ရောင်းဝယ်သည့်ပုံစံမျိုးသို့ ပြောင်းလဲအသုံးပြုနေလျက်ရှိပါသည်။ အသုံးပြုသည့်ယာဉ်၊ ခေတ္တထားသိုမည့်နေရာများနှင့် ပို့ဆောင်ရာတွင် အသုံးချမည့်သူများကိုလည်း ပုံစံပြောင်းလဲ ကျင့်သုံးလာလျက်ရှိပါသည်။ လွန်ခဲ့သောနှစ်များတွင် အသုံးပြုသည့်ယာဉ်နှင့် ခေတ္တထားသိုသိမ်းဆည်းမည့်နေရာများမှာ ကိုယ်ပိုင်ယာဉ်၊ အိမ်/ဂိုဒေါင်များကို အသုံးပြုခဲ့သော်လည်း လက်ရှိကာလတွင် ယာဉ်များ၊ အိမ်/ဂိုဒေါင်များကို ဈေးနှုန်းမြင့်မားစွာဖြင့် ငှားရမ်းအသုံးပြုလာကြပါသည်။ သာမန်ပြည်သူများမှာ ငှားရမ်းခမြင့်မားစွာရရှိသဖြင့် ကျေနပ်နေမှုမှာ မူးယစ်ကုန်ကူးသူများ၏ သားကောင်အဖြစ်သို့ ကျရောက်သွားနိုင်သည်ကို သတိထားရန်လိုအပ်ပါသည်။
၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရသည် ဘိန်းစိုက်ပျိုးမှုကို ပြင်းထန်စွာအရေးယူမည်ဟု တားမြစ်လိုက်သဖြင့် ၂၀၂၄ ခုနှစ် ဘိန်းစိုက်ပျိုးထွက်ရှိမှုမှာ ၉၅ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုမှာ သိသာသောပြောင်းလဲမှုများမရှိခဲ့ဘဲ အနည်းငယ်သာ ပြောင်းလဲမှုရှိပါသည်။ တာလီဘန်အစိုးရမှ ဘိန်းစိုက်ပျိုးမှုကို တားမြစ်လိုက်သဖြင့် ဈေးကွက်လိုအပ်ချက်အရ ဘိန်းနှင့်ဘိန်းဖြူဈေးနှုန်းများ မြင့်တက်လာရမည်ဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများတွင် ဈေးနှုန်းများစွာ လျော့ကျသွားသည်ကို တွေ့ရပါသည်။ ဘိန်းနှင့်ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှုသည် အချိန်များစွာ ယူရခြင်း၊ သုံးစွဲသူဈေးကွက်အတွင်း လူလုပ်မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုမြင့်မားလာခြင်းတို့ကြောင့် ဘိန်းဈေးနှုန်းများ ကျဆင်းသွားသည်ကို တွေ့ရပါသည်။ ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဘိန်း ၁.၇ တန်ကျော် ဖမ်းဆီးရမိခဲ့ရာမှ ယခုနှစ်တွင် ဘိန်း ၁.၁၅ တန်သာ ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရပါသည်။ ဘိန်းဖြူသုံးစွဲမှုမှာ ယခင်အတိုင်းသာရှိနေပြီး ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၁.၉၇ တန်ကျော်ရှိခဲ့ရာမှ အရေးကြီးနယ်မြေများ၌ စစ်ဆင်ရေးတိုးမြှင့် ဆောင်ရွက်ခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် ၂.၁၃ တန်ကျော် ဖမ်းဆီးရမိခဲ့ပါသည်။
ဘိန်းနှင့်ဘိန်းဖြူ သုံးစွဲမှုများသည် ယခင်သုံးစွဲနေသည့်ဒေသများတွင် ပုံမှန်အတိုင်းသာရှိသော်လည်း စိတ်ကြွရူးသွပ်ဆေးပြားမှာ နိုင်ငံနှင့်အဝန်းပျံ့နှံ့ပြီး ဈေးနှုန်းကျဆင်းမှုက သာမန်လူထုအတွင်း လက်လှမ်းမီနိုင်သည့် အခြေအနေတွင်ရှိပါသည်။ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုမှာ ၂၀၂၄ ခုနှစ်တွင် ဆေးပြား ၂၂၇ သန်းကျော်ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၃၇၇ သန်းကျော် ဖမ်းဆီးရမိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးရမိမှုနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော်မြင့်တက်ခဲ့ပါသည်။ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုများအား စစ်ဆေးဖော်ထုတ်ချက်များအရ ရခိုင်ပြည်နယ်သည် စိတ်ကြွဆေးပြားများ တရားမဝင်သယ်ယူ ပို့ဆောင်ရာ အဓိကနေရာဖြစ်နေပြီး AA အကြမ်းဖက်သောင်းကျန်းသူများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်ပတ်သက်နေသည်ကို တွေ့ရပါသည်။
ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေများအရ စိတ်ကြွဆေးပြား သုံးစွဲသူ အနည်းငယ်တိုးလာနိုင်သော်လည်း ဖမ်းဆီးရမိဆေးပြား ပမာဏမှာ တစ်ပြည်နယ်လုံးရှိ လူဦးရေအားလုံး တစ်နှစ်သုံးစွဲနိုင်သည့် ပမာဏထက် ပိုနေသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံ၏ အနောက် ဘက်အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း စိတ်ကြွရူးသွပ်ဆေးပြားများ ရခိုင်ဒေသမှ ၎င်းတို့နိုင်ငံအတွင်း အမြောက်အမြားဝင်ရောက်နေကြောင်း ပြောဆိုနေမှုများကိုလည်း တွေ့ရပါသည်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိသည့်အမှုမှာ အများဆုံးဖြစ်နေသည်ကို တွေ့ရပါသည်။
မကွေးတိုင်းဒေသကြီး - ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း - ဧရာဝတီတိုင်းဒေသကြီး - ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး- ချင်းပြည်နယ်တို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်း ဝင်/ထွက်ရာလမ်းကြောင်းများမှ အဓိကသယ်ယူပို့ဆောင်နေသဖြင့် အဆိုပါလမ်းကြောင်းများကို အထူးသတိထားစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားသဖြင့် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံသို့ တရားမဝင်ဆေးခြောက်သယ်ယူ ပို့ဆောင်မှုများ မြင့်တက်ခဲ့ပြီး နယ်စပ်ဒေသလမ်းကြောင်းများတွင် ဖမ်းဆီးရမိမှု အများဆုံးဖြစ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဆေးခြောက် ၁.၁၅၈ တန်ကျော် ဖမ်းဆီးရမိခဲ့သော်လည်း ၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၌ ဆေးခြောက်ရောင်းချမှုများကို ပြန်လည်ထိန်းချုပ်လိုက်သဖြင့် ဖမ်းဆီးရမိမှု လျော့ကျသွားခဲ့ပြီး ၀.၈၇၉ တန်ကျော်သာ ဖမ်းဆီးရမိခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့်ဒေသများမှ နိုင်ငံအတွင်းသို့ဝင်ရောက်ရာ လမ်းကြောင်းများတွင် ဖမ်းဆီးရမိမှု များမှာ မြင့်တက်နေဆဲဖြစ်ပါသည်။ နိုင်ငံအတွင်းသို့ ဆေးခြောက်ပါဝင်သော စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ တရားမဝင်ဝင်ရောက်နေမှုများကို ထိန်းချုပ်နိုင်ရန်မှာလည်း အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်နေပါသည်။
ဘိန်းစာရွက်ကို မြန်မာနိုင်ငံမှ ထိန်းချုပ်ထားသော်လည်း ထိုင်းနိုင်ငံတွင် တရားဝင်ခွင့်ပြုထားသဖြင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ဘိန်းစာရွက်၊ ဘိန်းစာရွက်ပါဝင်သော ဖျော်ရည်နှင့် စားသောက်ကုန်ပစ္စည်းများသုံးစွဲမှုမှာ နှစ်စဉ်ပုံမှန်တိုးတက်လာလျက်ရှိပါသည်။ ဘိန်းစာရွက်ဖမ်းဆီးရမိမှု ပမာဏကွာခြားခြင်းမရှိသော်လည်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်နေမှုများကို ပိုမိုထိန်းချုပ်နေရလျက်ရှိပါသည်။
ခေါင်းညိတ်၊ ခေါင်းခါဆေးဟုခေါ်သော အက်တက်စီဆေးပြားမှာ ဒေသတွင်းထုတ်လုပ်မှုမရှိဘဲ ဥရောပနိုင်ငံများမှတစ်ဆင့် ဒေသတွင်းသို့ ဝင်ရောက်နေလျက်ရှိပါသည်။ ဒေသတွင်းနိုင်ငံများမှ ဘိန်း၊ ဘိန်းဖြူနှင့် အခြားလူလုပ်မူးယစ်ဆေးဝါးများသည် ဥရောပနိုင်ငံများသို့ ရောက်ရှိမှုမှာ မဆိုစလောက် အနည်းငယ်သာရှိပါသည်။ သို့သော်လည်း မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံအချို့အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော စွပ်စွဲပြောကြားမှုများသာ အသံကျယ်လောင်နေပြီး ဥရောပနိုင်ငံများမှ ဒေသတွင်းနိုင်ငံများသို့ အက်တက်စီဆေးပြားများ ဝင်ရောက်မှုမှာ အသံမကြားရသလောက်ပင်ဖြစ်ပါသည်။ ယခုအခါ ဒေသတွင်းနိုင်ငံအချို့တွင် နိုင်ငံဖြတ်ကျော် မူးယစ်ရာဇဝတ်ဂိုဏ်းများ ဝင်ရောက်လာမှုက ဒေသတွင်း အက်တက်စီချက်လုပ်မှုများကို တွေ့ရှိလာရပြီး မြန်မာနိုင်ငံအတွက် သတိထားစောင့်ကြည့်ရမည့်အခြေအနေတွင် ရှိပါသည်။
ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေများအရ အိုက်စ်နှင့် ကက်တမင်း သုံးစွဲမှုများ အဆမတန်မြင့်တက်လာလျက်ရှိပါသည်။ ဒေသတွင်းနိုင်ငံများတွင် အိုက်စ်နှင့် ကက်တမင်း ဖမ်းဆီးရမိမှုများ စံချိန်တင် မြင့်တက်လာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဖမ်းဆီးရမိမှုများ မြင့်တက်လာလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်တွင် အိုက်စ် ၂၁ တန်ကျော် ဖမ်းဆီးရမိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၇ တန်ကျော် ဖမ်းဆီးရမိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် (၁၃.၈ တန်ကျော်)နှင့် ပြန်လည်နှိုင်းယှဉ်ကြည့်ပါက သုံးဆခန့် မြင့်တက်လာသည်ကို တွေ့ရပါသည်။ ကက်တမင်း ဖမ်းဆီးရမိမှုများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိမှုမြင့်တက်လာပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆ ၂၀ ခန့်မြင့်တက်လာလျက် ရှိပါသည်။ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သော်လည်း ကက်တမင်းချက်လုပ်သည့် နေရာများဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ ဒေသတွင်း နိုင်ငံများတွင်မူ ကက်တမင်းအမြောက်အမြားထုတ်လုပ်နေသည့် စက်ရုံများကို ဖမ်းဆီးရမိသော်လည်း မြန်မာနိုင်ငံအပေါ်ကိုသာ စွပ်စွဲလက်ညှိုးထိုးနေမှုများကို သတိထားစောင့်ကြည့်သွားရန်လည်း လိုအပ်ပါသည်။
ယခုအခါ လူငယ်ထုကြား KTV၊ Bar များရှိ ဟိုင်းခန်းများတွင် Happy Water သုံးစွဲမှုများ ခေတ်စားလာနေပြီး လူလတ်ပိုင်းအရွယ် အများစုပါဝင်နေသည်ကို စိတ်မကောင်းဖွယ် တွေ့နေရပါသည်။ ၂၀၂၂ ခုနှစ်မှစတင်ပြီး ဖမ်းဆီးရမိသော Happy Water ပမာဏမှာ သိသာစွာ ကွာခြားခြင်းမရှိသော်လည်း အမှုအရေအတွက်မှာ ပုံမှန်မြင့်တက်နေ လျက်ရှိပါသည်။
ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်လျှင် မူးယစ်ဆေးဝါး ဈေးကွက်ချဲ့ထွင်လာမှု (သုံးစွဲမှုမြင့်တက်လာမှု)၊ နိုင်ငံဖြတ်ကျော်မူးယစ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်လာမှုများကြောင့် မူးယစ်ဆေးဝါးချက်လုပ်သည့်နည်းလမ်းများ ပြောင်းလဲလာ ခြင်းနှင့် သန့်စင်မှုရာခိုင်နှုန်းမြင့်တက်လာခြင်း၊ အမြောက်အမြားထုတ်လုပ်လာမှုများကြောင့် ဈေးနှုန်းကျဆင်းလာခြင်းများနှင့် သုံးစွဲမှုမြင့်တက်လာခြင်းဟူသော သံသရာအတွင်းသို့ လည်ပတ်နေ လျက်ရှိပါသည်။ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများအနေဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှုများကြောင့် ဖမ်းဆီးရမိမှုများ မြင့်တက်နေသော်လည်း ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများ လျော့ကျ သွားခြင်းမရှိသည်ကို အထူးဂရုပြုစောင့်ကြည့်သွားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံအဖို့ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ နက်ရှိုင်းစွာပါဝင်နေမှုများက ပြဿနာကို ပိုမိုဆိုးရွားစေပြီး ပြဿနာဖြေရှင်းရေးတွင် ပိုမိုခက်ခဲစေလျက်ရှိပါသည်။ ၎င်းအဖွဲ့များ ကြီးစိုးရာနေရာများတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်ခက်ခဲနေပြီး သတင်းရရှိရန်မှာလည်း လွန်စွာခက်ခဲလျက်ရှိပါသည်။ သို့သော် လမ်းကြောင်းတစ်လျှောက်ရှိ ငြိမ်းချမ်းသော နယ်မြေများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုသတင်းများကို သက်ဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အတူလက်တွဲ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ပြဿနာအများစုမှာ လူတစ်ဦးချင်း၊ တစ်နိုင်ငံချင်းနှင့် သက်ဆိုင်နေသော်လည်း မူးယစ်ဆေးဝါး ပြဿနာမှာ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်နေသဖြင့် နိုင်ငံသားတိုင်း၊ လူသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူလုပ်ဆောင်ရန် လိုအပ်လာသည့်အချိန်လည်းဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။


