ဂျကာတာ     ဇန်နဝါရီ      ၁၂

အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်း တန်းတူညီမျှမှုရှိသည့် ပညာသင်ယူခွင့်ရရှိရေးကြိုးပမ်းမှုအဖြစ်  ပြည်သူ့ကျောင်း ၁၆၆   ကျောင်းကို  ဇန်နဝါရီ   ၁၂  ရက်က ဖွင့်လှစ်ခဲ့ကြောင်း  သမ္မတ ပရာဘိုဝို ဆူဘီရန်တိုက ပြောကြားသည်။

ကျောင်းများဖွင့်လှစ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများကို  ကျေးဇူးတင်ရှိကြောင်း၊  ယခုဆောင်ရွက်ချက်သည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ကြိုးပမ်းဆောင်ရွက်မှုရလဒ်များကို   မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရကြောင်း  တောင်ကာလီမန်တန်ပြည်နယ် ဗန်ဂျာဗာရူမြို့တွင်ကျင်းပသည့် ကျောင်းများဖွင့်လှစ်သည့်  အခမ်းအနားတွင် သမ္မတ  ပရာဘိုဝို  ဆူဘီရန်တိုက ပြောကြားသည်။ သမ္မတပရာဘိုဝို ဦးဆောင်သည့် ပြည်သူ့ကျောင်းများ အစီအစဉ်သည် ဆင်းရဲနွမ်းပါးသည့် နိုင်ငံသားများအား ပညာသင်ခွင့် ရရှိရေး ဆောင်ရွက်ခြင်းဖြစ်ပြီး  ကျောင်းများကို  ပြီးခဲ့သည့်နှစ်   ဇူလိုင်လမှစတင်၍ လုပ်ငန်းများစတင်ဆောင်ရွက်စေခဲ့ကြောင်း  သိရသည်။ နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခု၊ ဒေသ ၁၃၁ ခုနှင့် မြို့များတွင် အဆိုပါကျောင်းများကို  ဖွင့်လှစ်ခဲ့ကြောင်းနှင့် ယင်းကျောင်းများတွင် ကျောင်းသား ၁၅၉၅၄ ဦး၊ ဆရာ ဆရာမ ၂၂၁၈  ဦးနှင့် ပညာရေးဝန်ထမ်း ၄၈၈၉ ဦးရှိကြောင်း သိရသည်။ အစိုးရအနေဖြင့် ၂၀၂၉ ခုနှစ်အရောက်တွင် ပြည်သူ့ကျောင်း ၅၀၀ အထိ ဖွင့်လှစ်ရေးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ကျောင်းသားအရေအတွက်   ၅၀၀၀၀၀ အထိ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်မည်ဟု  သမ္မတ ပရာဘိုဝိုဆူဘီရန်တိုက ပြောကြားသည်။ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ဆောင်ရွက်မည့်  ကတိကဝတ်ကို  အတည်ပြုခဲ့ပြီး ဆင်းရဲနွမ်းပါးမှုနှင့် အငတ်ဘေးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထုလူတန်းစားအသီးသီးမှ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် သမ္မတ  ပရာဘိုဝိုဆူဘီရန်တိုက  တိုက်တွန်းခဲ့သည်။                   

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ