ပါရီ  ဇန်နဝါရီ   ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏  မွေးနေ့ပွဲနှင့်  မတိုက်စေရန် ပြင်သစ်က  ဇွန်လတွင်  ကျင်းပမည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းထားကြောင်း ဥရောပမီဒီယာအများအပြားက  ဖော်ပြသည်။

ပြင်သစ်နိုင်ငံက ယခုနှစ်တွင် ဂျီ-၇  ဥက္ကဋ္ဌအဖြစ် နိုင်ငံအရှေ့ပိုင်း အီဗီယန်လက်စ် ဗိန်းစ်မြို့၌ ဇွန်လ  ၁၄ ရက်မှ  ၁၆ ရက်အထိ ကျင်းပမည့်  သုံးရက်ကြာထိပ်သီးအစည်းအဝေးကို  ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ရွှေ့ဆိုင်းခဲ့သည့် အစည်းအဝေးကို ဇွန် ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အစည်းအဝေးရက်ပြောင်းလဲခြင်းသည်ထရမ့်၏ နှစ်(၈၀)မြောက် မွေးနေ့ဖြစ်သည့် ဇွန် ၁၄ ရက်တွင် ကျင်းပမည့်  Ultimate Fighting Championship  (အမေရိကန် လက်ဝှေ့ပွဲ)ကို  ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်ဟု   မီဒီယာများက ဖော်ပြသည်။

ဂျီ-၇မိတ်ဖက်များက ထိပ်သီးအစည်းအဝေးတွင်  ထရမ့်၏ တက်ရောက်မှုသည် အရေးပါသည်ဟု   ယုံကြည်ထားကြောင်းနှင့်  အစည်းအဝေးစတင်ချိန်ကို ၎င်း၏အချိန်ဇယားအတိုင်း လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲခဲ့ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အသစ်ထပ်မံ ပြောင်းလဲလိုက်သည့်ရက်စွဲအသစ်များသည် ဂျီ-၇  မိတ်ဖက်များအားလုံးနှင့် ညှိနှိုင်းမှုရလဒ်များဖြစ်သည်ဟု   ပြင်သစ်သမ္မတရုံးက ပြောကြားခဲ့သော်လည်း မည်သည့်အကြောင်းပြချက် မျှမပေးခဲ့ချေ။ 

အင်န်အိတ်ချ်ကေ