ဇန်နဝါရီ ၁၃

တောင်ပိုင်းဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်တွင် အစ္စရေး၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသုံးဦးသေဆုံးခဲ့ကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးဌာန၏ပြောကြားချက်အရ သိရသည်။

အရပ်ဘက်ကာကွယ်ရေးဌာန၏ပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘာဆယ်က အစ္စရေးဒရုန်းတစ်စင်းသည် ခန်းယူနစ်တောင်ဘက်ရှိ ပါလက်စတိုင်းအုပ်စုတစ်စုအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သုံးဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူတစ်ဦး၏ဆွေမျိုးတစ်ဦးဖြစ်သူ ဆာအိဒ်အယ်လ်အမူးက အပစ်အခတ်ရပ်စဲရေးရှိသော်လည်း အမြောက်နှင့်လေကြောင်းတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိကာ နေ့စဉ်သေဆုံးမှုနှင့် ဒဏ်ရာရမှုများရှိသည်ဟု ပြောကြားခဲ့သည်။

သတင်းရင်းမြစ်များနှင့်မျက်မြင်သက်သေများ၏ပြောကြားချက်အရ အစ္စရေးစစ်လေယာဉ်များသည် အရှေ့ဘက်ဂါဇာမြို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုနှစ်ခုပြုလုပ်ခဲ့ကာ အမြောက်တပ်များသည် တောင်ပိုင်းဒေသ ရာဖာအနောက်ဘက်ရှိ အယ်လ်မာဝါစီဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး သံချပ်ကာယာဉ်များသည် ခန်းယူနစ်၏အရှေ့တောင်ဘက်ကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို