ဇန်နဝါရီ ၁၃
ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းရှိ မာယွန်မီးတောင်ထိပ်ချိုင့်မှ မီတာ ၁၀၀ ခန့်အထိ ချော်ရည်များပန်းထွက်ခဲ့ကြောင်း မီးတောင်ဗေဒနှင့် ငလျင်ဗေဒအင်စတီကျု (Phivolcs) က ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါအင်စတီကျု၏သတိပေးချက်တစ်ခုတွင် မီးတောင်လှုပ်ရှားမှုကို ယနေ့နံနက်အစောပိုင်းတွင် တွေ့ရှိခဲ့ပြီး စက္ကန့် ၃၅ ခန့် ကြာမြင့်ခဲ့သည်ဟု ဖော်ပြထားသည်။
မီးတောင်ပေါက်ကွဲနိုင်ခြေကိုတိုင်းတာသည့်အဆင့်ငါးဆင့်ရှိရာ ထိုမီးတောင်သည် တတိယအမြင့်ဆုံး သတိပေးချက်အောက်တွင်ရှိနေဆဲဖြစ်ကြောင်း အင်စတီကျုကပြောကြားခဲ့သည်။ ခြောက်ကီလိုမီတာရှည်သော အမြဲတမ်းအန္တရာယ်ဇုန်သို့ ဝင်ရောက်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားကြောင်း ဖော်ပြထားသည်။
မာယွန်မီးတောင်တွင် မဂ္ဂမက်တစ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားလျက်ရှိပြီး လက်ရှိတွင် ချော်ရည်များသည် ပေါက်ကွဲထွက်ခြင်းမဟုတ်ဘဲ ချိုင့်မှ ဖြည်းဖြည်းချင်း စီးဆင်းလျက်ရှိသည်ဟု သိရသည်။
အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက မာယွန်မီးတောင်တွင် ဖြစ်ပွားနေသော မငြိမ်မသက်မှုများကြောင့် လူပေါင်း ၄၀၀၀ ကျော် ထိခိုက်မှုရှိကြောင်း ပြောကြားခဲ့သည်။
မာယွန်မီးတောင်သည် မကြာသေးမီရက်သတ္တပတ်များအတွင်း မငြိမ်သက်မှုအခြေအနေတွင် ရှိနေခဲ့ပြီး ပူပြင်းသော ချော်ရည်များ စီးကျလျက်ရှိသောကြောင့် အာဏာပိုင်များသည် အန္တရာယ်ဇုန်တစ်ဝိုက်ရှိ ရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးကွင်း တစ်လျှောက်တွင် တည်ရှိသောကြောင့် ငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


