ရန်ကုန် ဇန်နဝါရီ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ သီရိလင်္ကာနိုင်ငံရှိ မုန်တိုင်းဘေးသင့်ပြည်သူများသို့ ဆန်တန်ချိန် ၅၀၀ (အိတ် ၁၀၀၀၀) ပေးပို့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ် ရန်ကုန်ဆိပ်ကမ်း Asia World Port Terminal ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E.Mrs.Prabashini Ponnamperuma၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက သင်္ဘောတင်ပို့မည့် အစီအစဉ်နှင့် ပြင်ဆင်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်တန်ချိန် ၅၀၀ (အိတ် ၁၀၀၀၀) ပေးပို့လှူဒါန်းမည့် စာရွက်စာတမ်းများကို ပေးအပ်ရာ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးက လက်ခံရယူသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဆန်တန်ချိန် ၅၀၀ (အိတ် ၁၀၀၀၀) သယ်ယူပို့ဆောင်မည့် ကွန်တိန်နာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


