နေပြည်တော်    ဇန်နဝါရီ     ၁၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ် တံတားကြီးကို   လေ့လာ ကြည့်ရှုနိုင်ရန်နှင့်    လမ်းခရီးရှိ    ရေမြေတောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန် ဂုတ်ထိပ် (၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ် (၂)ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sightseeing ရထားခရီးစဉ်ကို ဒီဇင်ဘာ  ၁၉ ရက်မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင်  ပြေးဆွဲပေးလျက်ရှိရာ ယနေ့အထိ ရထားခရီးစဉ် ၁၈ ခေါက်ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ၅၄၀၊ Package ဖြင့် စင်းလုံးငှားရမ်းမှုတွင် ခရီးသည် ၂၄ ဦး လိုက်ပါစီးနင်းနိုင်သည့် RBE အထက်တန်းတွဲခရီးစဉ် ခြောက်ကြိမ်နှင့် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်သည့် RBE ရိုးရိုးတန်းတွဲခရီးစဉ် နှစ်ကြိမ်ဖြစ်၍  ခရီးသည်  ၂၂၄ ဦးနှင့် ဇန်နဝါရီ   ၁၂  ရက်က ပြင်ဦးလွင်မြို့ရှိ Snow Queen ကိုယ်ပိုင် အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူ ဆရာ ဆရာမ ၂၁၀ အတွက် ရိုးရိုးတန်း သုံးတွဲနှင့်  အထက်တန်းတစ်တွဲဖြင့် ဖွဲ့ဆင်၍ စင်းလုံးငှားရထားဖြင့် ပို့ဆောင်ပြေးဆွဲပေးခဲ့ပြီး စတင်ပြေးဆွဲခဲ့ သည့်အချိန်မှ   ယနေ့ထိ ခရီးသည်စုစုပေါင်း ၉၇၄ ဦးလိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်- ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည်  ၄၀  လိုက်ပါစီးနင်း နိုင်ပြီး ဂုတ်ထိပ်(၁)RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ် ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင်  ရောက်ရှိ ရပ်နားပြီး  ဂုတ်ထိပ် (၂)RBE ရထားသည်   ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင်   ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာတို့၌  ရပ်တန့်ပေးမည်ဖြစ်သည်။

ပြင်ဦးလွင်-ဂုတ်ထိပ် အသွား/အပြန် ခရီးစဉ်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့်ဝန်ဆောင်မှုလုပ်ငန်းများမှ သီးခြားရက်များတွင် ငှားရမ်းလိုပါက  RBE ရထား (တစ်စင်းလုံး) ၂၄ ဦး လိုက်ပါစီးနင်းနိုင်သည့် အထက်တန်းတွဲဖြင့် အသွား/အပြန်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်   စုစုပေါင်း  ငွေကျပ် ၇၂၀၀၀၀ ကျသင့်မည်ဖြစ်သည်။ ထို့အတူ  ခရီးသည်  ၁၅၀ နှင့်  အထက်စီးနင်းနိုင်ရန် ရထားကြီးဖြင့် အထက်တန်းတစ်တွဲ၊ ရိုးရိုးတန်း သုံးတွဲချိတ်ဆက်၍ ပြေးဆွဲပေးမည်ဖြစ်ရာ ငှားရမ်းလိုပါက  သုံးရက်ကြိုတင်၍ ငှားရမ်းနိုင်ပြီး ရိုးရိုးတန်းတစ်ဦးလျှင်ငွေကျပ် ၁၅၀၀၀ နှင့်  အထက်တန်းတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျသင့်မည်ဖြစ်သည်။ ရုံပိုင်ကြီး(အထူးတန်း)ပြင်ဦးလွင် ဖုန်း ၀၉-၄၄၈၅၃၈၈၃၀ မှတစ်ဆင့် ဆက်သွယ်ငှားရမ်းနိုင်ကြောင်း သိရသည်။                

သတင်းစဉ်