မူဆယ် ၂၀ မတ် 


မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်း မြင့်တက်လာမှုကြောင့် တစ်ချို့တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းသွားနိုင်ခြေရှိကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်များသည် တစ်နှစ်နှင့်တစ်နှစ် အရေအတွက်များ နှစ်စဉ်လျော့ကျလျှက်ရှိပြီး တောရိုင်းတိရစ္ဆာန်များကို တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းမှ ကာကွယ်နိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့( Wild Conservation Society)က ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးပွဲများနှင့် ဖမ်းဆီးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။

 

1


“မန္တလေး-မူဆယ် ကုန်သွယ်မှု လမ်းကြောင်းဟာ မြန်မာနိုင်ငံမှာ (၅၀ ရာခိုင်နှုန်း) ခန့်က အသုံးပြုနေတာတွေ့ရတယ် ဒီလိုတရားဝင် ကုန်သွယ်ရေး လမ်းကြောင်းမှာ တရားမဝင် ကုန်သွယ်မှုတွေလည်း ရှိလာနိုင်ပါတယ် အထူးသဖြင့် သင်းခွေချပ်၊ မြွေ၊ လိပ်နှင့် တစ်ခြားတိရစ္ဆာန်တွေဟာ ဒီလမ်းကြောင်းကနေ သယ်နေတာတွေ့နေရတယ် မကြာခဏလည်း ဖမ်းဆီးနေတာဖြစ်တဲ့အတွက် ဒီလမ်းကြောင်းကို အဓိက တားဆီးနိုင်ဖို့အတွက် ဒီလမ်းကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာတွေ ဌာနတစ်ခုနှင့်တစ်ခု အချိတ်ဆက်မိပြီး လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် ဒီလုပ်ငန်းဆွေးနွေးပွဲတွေ  ပြုလုပ်ပေးခြင်းဖြစ်ပါတယ်"ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ ဦးအောင်ကျော်က ပြောကြားခဲ့သည်။


မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် တရားမဝင် အရောင်းဝယ် ဖောင်းကားမှုများဆုံးနေရာသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းလားဒေသ၊ ကျိုက်ထီးရိုးဒေသနှင့် မူဆယ်လမ်းကြောင်းတို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ တစ်ချို့တောရိုင်းတိရိစ္ဆာန်များသည် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်းလည်း သိရသည်။  တောရိုင်းတိရစ္ဆာန်များတရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းများ ကာကွယ်ရန်နှင့် ဖမ်းဆီးတားဆီးမှုများ ထိထိမိမိ ဆောင်ရွက်နိုင်ရန်အတွက် တောရိုင်းတိရစ္ဆာန်များ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု လျော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၁၈)ရက်မှ (၁၉)ရက်နေ့အထိ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။


ဗန်ရိုးထန်(ပြန်/ဆက်)