နေပြည်တော် ဇန်နဝါရီ ၁၃

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာန/အဖွဲ့ များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး က အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် “အလုပ် သမားရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမား ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး ဆိုသည့် အချက်ပါဝင်ကြောင်း၊ “လူဦးရေနှင့် ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ်ရေးဆိုင်ရာလုပ်ငန်း စီမံကိန်း ကို ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ နှစ်နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ဝန်ကြီးဌာနအားလုံး တစ်ပြေးညီ လက်ခံအသုံးပြုနိုင်ရေးနှင့် ရေရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် အလုပ်သမားဝန်ကြီးဌာနက စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း။

 ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ထုတ်ဝေမည့် လက်စွဲစာအုပ်သည် ငွေရတုအကြိမ် (၂၅) အုပ်မြောက် ထုတ်ဝေသည့် စာအုပ်ဖြစ်ကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အချက်အလက်များ ကောက်ယူ ဆောင်ရွက်လျက်ရှိရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင် လွှမ်းခြုံသော အညွှန်းကိန်းများကို ဤလက်စွဲစာအုပ်တွင် တစုတစည်းတည်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ လက်စွဲစာအုပ်ပါ အညွှန်းကိန်းများကို အခြေခံ၍ နိုင်ငံ၏ ခိုင်မာသော မူဝါဒများ ချမှတ်နိုင်ခြင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအဆင့်အတန်း၊ လူနေမှု အဆင့်အတန်းကို သိရှိနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အထောက်အကူပြု လုပ်ငန်းစဉ်အဖြစ် မိမိတို့ ဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေပြီး၊ စီမံကိန်းရေးဆွဲသူများ၊ မူဝါဒချမှတ်သူများနှင့် အစိုးရဌာနများအတွက် အထောက်အကူပြုပြီး နိုင်ငံတော်တိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အညွှန်းကိန်းများဖြစ်ကြောင်း ပြောကြားသည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် ရေရှည်တည်တံ့စေရေး အဖွဲ့များဖွဲ့၍ ဆွေးနွေးသုံးသပ် အကြံပြုချက်များ ရယူကာ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် ၂၀၂၄-၂၀၂၅ ခုနှစ် ပြုစုနိုင်ရေး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်