မင်းဘူး ၂၀    မတ်        
    

ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မင်းဘူးခရိုင်၊ စကုမြို့ရှိ ဝါမျိုးကောင်းမျိုးသန့်ကြိတ်ခွဲထုတ်လုပ်မှု စက်ရုံဖွင့်ပွဲ အခမ်းအနားကို မတ်လ(၁၉) ရက်နေ့ နံနက်(၈) နာရီက စကု-၁ မျိုးသန့်ဝါကြိတ်စက်ရုံတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
    

အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားရာ မကွေးတိုင်းဒေသကြီးတွင် စပါးနှင့် ဆီထွက်သီးနှံများကို မျိုးကောင်းမျိုးသန့်ထုတ်လုပ်ပေးနိုင်ခဲ့ပြီး စက်မှုသီးနှံဝါကို ယခင်ခြံများမှ မှာယူစိုက်ပျိုးခဲ့ပြီး လုံလောက်မှု အားနည်းခဲ့ကြောင်း၊ မင်းဘူးခရိုင်အတွင်းရှိ ယခုနှစ် မိုးနှောင်းရာသီက စိုက်ပျိုးထွက်ရှိခဲ့သည့် ဝါများမှ မျိုးသန့်ဝါစေ့များ ရရှိအောင် ယခင်ရပ်ဆိုင်းထားခဲ့သော စကုဝါကြိတ်စက်ရုံအား လည်ပတ်စေခြင်းဟာ တောင်သူများ ဝါမျိုးကောင်းမျိုးသန့်စေ့များ ရရှိလာစေမှာ ဖြစ်ကြောင်း၊ ကြိတ်ခွဲပြီး မျိုးစေ့များ သန့်စင်ခြင်း၊ ဝါဂွမ်းများ ဘေထုပ်ထုပ်ခြင်း၊ ချည်မျှင်ထုတ်လုပ်ခြင်းများဖြင့် အလားအလာကောင်းသော စက်ရုံတစ်ရုံလည်း ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ ဝါမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရေးအတွက် အထူးအကျိုးရှိမှာဖြစ်လို့ စက်ရုံလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြော ကြားခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးမှ အမှာစကား ပြောကြားရာ မကွေးတိုင်းဒေသကြီးအတွင်းမှာ သီးနှံစုံစိုက်ဧကများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်စိုက်ပျိုးလာနိုင်တာ တွေ့ရပါကြောင်း၊  မျိုးသန့်ခြံအပြင် တိုင်းဒေသကြီးအတွင်း မျိုးသန့်မျိုးစေ့များကို ယနေ့ဖွင့်လှစ်သည့်စက်ရုံမှ ယခုလို ပိုမိုထုတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဝါရောင်းရုံမက ဝါဂွမ်းမှ ချည်မျှင်ထုတ်လုပ်ရောင်းချရင်း ဝင်ငွေပိုရသည့် အပြင် သွင်းကုန်လျော့ချပြီး ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုရလာနိုင်မှာ ဖြစ်ကြောင်း၊ ဝါသီးနှံတစ်ဧက အထွက်နှုန်းတိုးနိုင်ရေးအတွက် တောင်သူ၊ ဌာနဆိုင်ရာ၊ ဒေသအာဏာပိုင်များ ပူးပေါင်း စွမ်းဆောင်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော် GDP တိုးတက်ရေးအတွက် အစွမ်းကုန် ကျိုးပမ်းကြရန် လိုအပ်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။ ၎င်းနောက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဝါကြိတ်စက်ရုံနှင့်ပတ်သက်သော အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အဖွဲ့ဝင်များက ဝါကြိတ်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံတွင်း ဝါကြိတ်ခွဲမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက ဝါကြိတ်ခွဲမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊  စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  တောင်သူများ အသီးသီး တက်ရောက်ကြကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)

 

1