နေပြည်တော် ဇန်နဝါရီ ၁၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် နာဂရိုးရာနှစ်သစ်ကူးပွဲတော် တက်ရောက်ရန်အတွက် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် လေရှီးမြို့သို့ ရောက်ရှိကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့ဝင်များ၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာ ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။

ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဖွဲ့ဝင်  ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တာဝန်ရှိသူများနှင့်အတူ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်သည်။

အစီအစဉ်အရ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့ဝင်  ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် စုစည်းတည်ဆောက်ထားသော ပြည်ထောင်စုကြီးဖြစ်ပါကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် နာဂတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် သမိုင်းဝင် အစဉ်အလာများသည် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာ အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ နာဂတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများ၊ ခမ်းနားသော ဦးခေါင်းအဆင်တန်ဆာများ၊ ရိုးရာ အကများအားလုံးတို့သည်လည်း ပြည်ထောင်စုကြီးကို ပိုမိုပြည့်စုံစေပါကြောင်း၊ မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ခိုင်မာအောင် တည်ဆောက်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးကို ဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရန်အတွက် တိုင်းရင်းသား အားလုံး၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးကို လိုလားမှုနှင့် ပူးပေါင်းပါဝင်မှုတို့သည် အဓိက သော့ချက်ဖြစ်ပါကြောင်း။

နာဂဒေသသည်  တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ငန်း ၅၃ ခု၊ တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေဖြင့် လုပ်ငန်း ၂၀၈ ခု တို့ကို နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြုဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ နာဂဒေသ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိးတိုးတက်စေရန် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားထုတ်ကုန်လုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေ ကျပ် ငါးဘီလီယံကိုလည်း အရင်းအနှီး မတည်ပေးနိုင်ခဲ့ပါကြောင်း၊ နာဂဒေသ တည်ငြိမ်အေးချမ်းမှု ရှိနေခြင်းကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ထို့ကြောင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးသည် အလွန်အရေးကြီးပြီး နာဂဒေသရှိ ပြည်သူများက အဆိုပါတည်ငြိမ်အေးချမ်း မှုမပျက်ယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ရန်  တာဝန်ရှိပါကြောင်း။

လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် နိုင်ငံတော်အစိုးရအနေဖြင့် အရှည် ၂၆၂၈ ပေရှိ သံကူ ကွန်ကရစ်အမျိုးအစား ချင်းတွင်း မြစ်ကူးတံတား (ထမံသီ)အား ဆောက်လုပ်ပေးနိုင်ခဲ့သည့် အတွက် ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသတို့၏ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အတွက် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာပြီး ဒေသခံ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကိုများစွာ အထောက်အကူပြုလာတော့မည် ဖြစ်ကြောင်း။

ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဒေသ၏ ရေမြေ သဘာဝနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့်လည်း ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ စိုက်နည်း စနစ်များ ရွေးချယ်ကျင့်သုံးရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် သီးနှံစိုက် စွမ်းအားတိုးမြင့်စေရန် လယ်ယာပေါ်တွင် သီးထပ်စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ နာဂဒေသ အနေဖြင့် ရွှေ့ပြောင်းတောင်ယာ စနစ်မှသည် ခေတ်မီလှေကားထစ် လယ်ယာစနစ်သို့ ပြောင်းလဲဖော် ဆောင်ရန် လိုအပ်လျက်ရှိသည့် အပြင် ရေမြေသဘာဝနှင့် ကိုက်ညီ သည့် ဝဥ၊ လက်ဖက်၊ မက်မန်း၊ ထောပတ်၊ ဂရိတ်ဖရု၊ လိမ္မော် စသည့် နှစ်ရှည်သီးနှံများကို ဒေသ ထွက်ကုန်အဖြစ် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးလာစေရန် ဒေသတစ်ခု ထုတ်ကုန် တစ်မျိုးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  ဒေသထွက် ကုန်ကြမ်းများကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ပါက ဒေသတွင်းစီးပွားရေး ပိုမိုခိုင်မာ လာမည်ဖြစ်ပါကြောင်း၊ အမယ်မျိုးစုံ ထုတ်လုပ်ခြင်းထက် အမယ် တစ်မျိုးချင်းစီကို အရည်အသွေးရှိရှိ ပမာဏများစွာ ထုတ်လုပ်ရန် လည်းလိုအပ်ပါကြောင်း။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် ဒေသဖွံ့ဖြိုးရေး၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး ချမှတ်ပေးထားသော ပညာရေး မူဝါဒများဖြစ်သည့် ကျောင်းနေ အရွယ်ကလေးတိုင်း အခြေခံပညာ သင်ကြားခွင့်ရရှိရေး၊ ကျောင်းနေ မြဲရေးနှင့် အတန်းစဉ်ကူးပြောင်းနှုန်း ပိုမိုကောင်းမွန်စေရေး ပညာသင်နှစ်မကုန်မီ ကျောင်းထွက်နှုန်း လျှော့ချရေး၊ နိုင်ငံသားတိုင်းအခြေ ခံပညာအဆင့်လိုက် သတ်မှတ် ကာလအတွင်း(KG + မှ Grade 9)ပြီးမြောက်စေရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများက ဝိုင်းဝန်းအားပေး ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး ကဏ္ဍအနေဖြင့် ဒေသတွင်းဆေးရုံ၊ ဆေးခန်းများ၌ ဆရာဝန်နှင့် သူနာပြုများ ခန့်ထားပေးခြင်း၊ ဆေးဝါးပစ္စည်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရလက်ထက် နာဂဒေသ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုများရှိခဲ့သည်ကို ဒေသတွင်းနေ တိုင်းရင်းသား ပြည်သူများ သိရှိပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တိုးတက်အောင် ဆောင် ရွက်ပေးနိုင်ခဲ့သည့် အုပ်ချုပ်မှုအဖွဲ့ အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ သည့် တိုင်းရင်းသားပြည်သူများ အားလုံးကိုလည်း အထူးကျေးဇူး တင် ဂုဏ်ပြုပါကြောင်း။

နိုင်ငံအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်လည်း ကောင်း၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်လည်း ကောင်း အောင်မြင်စွာကျင်းပ ခဲ့ပြီးဖြစ်ပါကြောင်း၊ နာဂဒေသ တွင်လည်း ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ အပိုင်း(၁)ကို ကျင်းပခဲ့ရာ တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ သည့်အတွက် နောင်ဖြစ်ပေါ်လာ မည့် ဒီမိုကရေစီနိုင်ငံတော်သစ် တွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတိုက်တွန်းပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်ကူး အမှာစကားပြောကြား ပြီး နာဂတိုင်းရင်းသားတစ်ဦးက နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖတ်ကြားရှင်းလင်း ပြောကြား သည်။

ယင်းနောက် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီနာယက ဦးလှထွန်း နှင့် မြို့နယ်နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစံမြ တို့က နှစ်သစ်ကူးအမှတ်တရ လက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး ပစ္စည်းများကိုပေးအပ်ရာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာကြသည့် နာဂတိုင်းရင်းသားမျိုးနွယ်စုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရိုးရာယဉ်ကျေးမှု ပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းများအား လိုက်လံ ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လေရှီးမြို့ ထေရဝါဒဗုဒ္ဓသာသနာ ပြု(ဗဟို) ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ တောင်တန်းသာသနာပြု(ဗဟို) ခေါင်းဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဒဿနအား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့အတူ လေရှီးမြို့ မြို့မ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်၍ သိက္ခာတော်ရ ဆရာတော် ဦးစေးဖောက်နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လေရှီးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသား များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကာ တာဝန်ရှိ သူများနှင့်အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လေရှီးမြို့ အိမ်တွင်းမှု သင်တန်းကျောင်းနှင့် လူငယ်သင်တန်းကျောင်းများသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။

ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲသို့ တက်ရောက်ပြီး ဒေသခံတိုင်းရင်းသားများနှင့်အတူ ပါဝင်ဆင်နွှဲသည်။ ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လေရှီးမြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌတို့က နာဂရိုးရာယဉ်ကျေးမှု မီးပုံပွဲကို မီးထွန်းညှိ ဖွင့်လှစ်ပေးခဲ့ကြပြီး နာဂရိုးရာ မျိုးနွယ်စုများအလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးကြကာ နာဂမျိုးနွယ်စု အကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်သည်။

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ နာဂရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်၍ ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်ရန်၊ နာဂ တိုင်းရင်းသား လူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန် အလှန်နားလည်မှုများ ပိုမိုရရှိ လာနိုင်စေရန်၊ နာဂဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နာဂတိုင်း ရင်းသားများ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် နာဂ မျိုးနွယ်စုအချင်းချင်း ရင်းနှီးချစ် ကြည်မှုကိုအခြေခံ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ကာ ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ နာဂ ရိုးရာ နှစ်သစ်ကူးပွဲတော်သို့ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များက စိတ်ဝင်တစား လာရောက် ကြည့်ရှုလေ့လာကြပြီး မီးပုံပွဲများတွင်လည်း ပျော်ရွှင်စွာဖြင့် အတူတကွ ပါဝင်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။

သတင်းစဉ်