ရန်ကုန်  ဇန်နဝါရီ   ၁၅

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည်  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ၏ အားကစားနည်းအလိုက်  လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ရေကူး၊ ကရာတေး၊ လှေလှော်၊ လက်ဝှေ့၊  ဂျူဒို၊  ဗိုဗီနမ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ပြေးခုန်ပစ်၊ ဘောလုံးနှင့် ဝူရှူးအားကစားအဖွဲ့များမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများကိုတွေ့ဆုံ၍ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းကို ၁၉၉၇ ခုနှစ်  ဩဂုတ် ၁ ရက်က  စတင် ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသား အားကစားသမား  ၁၁၈ ဦး၊  အမျိုးသမီး အားကစား သမား ၈၇ ဦး  စုစုပေါင်း ၂၀၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊  အုပ်ချုပ်/နည်းပြများအနေဖြင့် အားကစားနည်းများအလိုက် ကြံ့ခိုင်မှု ၊ စွမ်းဆောင်နိုင်မှု၊ နည်းစနစ်၊  နည်းဗျူဟာ၊  နည်းပရိယာယ်များကို တတ်ကျွမ်းနားလည်ပြီး အရည်အချင်းရှိသည့် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်စေရေးအတွက် စနစ်တကျ  သင်ကြားလေ့ကျင့်မှုများနှင့် လေ့လာဆန်းစစ်မှုများ အမြဲမပြတ် ပြုလုပ်ပေးသွားစေလိုကြောင်း၊ အားကစားသမားများအနေဖြင့် ပညာရေးတွင်  ထူးချွန်ထက်မြက်ပြီး  အားကစားပိုင်းတွင်လည်း ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် အမြဲတမ်းကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။                                  

သတင်းစဉ်