ပင်လည်ဘူး  ၂၀  မတ်   

       
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ခဲ့သော နန်းတပ်အုပ်စု၊ ကျောက်အိုးကျေးရွာချောင်းကမ်းပါး ကျောက်ရိုးစီမြေထိန်းနံရံနှင့် ရွာတွင်း စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါ ကျေးရွာ လုပ်ငန်းရှိရာနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
       

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သော ကျောက်အိုးကျေးရွာ ရွာနံဘေး ချောင်းကမ်းပါးကျောက်ရိုးစီ မြေထိန်း နံရံနှင့် ရွာတွင်းစိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
       

ထို့နောက် ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင် တို့က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်က ကျောက်ရိုးစီ မြေထိန်းနံရံတည် ဆောက်ခြင်းနှင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးရွာမှ ရပ်မိ ရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
       

ကျောင်းအိုးကျေးရွာတွင် အိမ်ခြေ (၇၃)အိမ်ရှိပြီး ရွာနံဘေး ချောင်းကမ်းပါး မြေထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(VDP) ငွေကျပ် သိန်း(၁၀ဝ)နှင့်၊ ပြည်သူထည့်ဝင်ငွေကျပ်(၄၇)သိန်းတို့ဖြင့် ပြုလုပ်ဆောင်ရွက်ကာ စိမ့်စမ်းရေသွယ်တန်းခြင်းကို  ၂၀၁၇- ၂၀၁၈  ဘဏ္ဍရေးနှစ် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP)ငွေကျပ် (၁၃၈၅၀ဝ၀ဝ)ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ယခုအခါ အဆိုပါ ကျေးရွာတွင် အိမ်တိုင်း စိမ့်စမ်းရေများ ရရှိပြီဖြစ်သဖြင့် သောက်သုံးရေများ အဆင်ပြေ လျက်ရှိကာ ကျေးရွာပြည်သူများ ဝမ်းသာပျော်ရွှင် နေကြကြောင်း သိရသည်။
       

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာပြည်သူများနှင့်ဖိတ်ကြား ထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။


မျိုးလွင်(ပင်လည်ဘူး)