နေပြည်တော်  ၂၀  မတ် 


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်၊ဒုတိယနှစ်စက်ဝန်း) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော အခြေခံ အဆောက်အဦများအား သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စုပေါင်းရုံး) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦးမှ ကျေးရွာပြည်သူများ၏ ဆန္ဒပြုရွေးချယ် တည်ဆောက်ခဲ့သော အခြေခံ အဆောက်အဦများကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းပေးအပ်ရခြင်းမှ သက်ဆိုင်ရာဌာနများမှ မိမိတို့ဌာနက နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေများတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် ဌာနများနှင့် ကျေးရွာရှိပြည်သူများ ပူးပေါင်းပြီး မိမိကျေးရွာ၏ လည်ပတ်ရန်ပုံငွေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲအောင် ပြင်ဆင်ထိန်းသိမ်းသွား ကြရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပညာရေးဌာနနှင့် သက်ဆိုင်သည့် စီမံကိန်းလုပ်ငန်းခွဲ (၃၇)ခုအား မြို့နယ်ပညာရေးမှူးထံသို့လည်းကောင်း၊ ကျေးလက်လမ်းဦးစီးဌာနနှင့် သက်ဆိုင်သည့် စီမံကိန်းလုပ်ငန်းခွဲ(၈)ခုအား အငယ်တန်းအင်ဂျင်နီယာ-၃ထံသို့ လည်းကောင်း၊ ကျန်းမာရေးဌာနနှင့် သက်ဆိုင်သည့် စီမံကိန်းလုပ်ငန်းခွဲ(၁)ခုအား မြို့နယ်ကျန်းမာရေးမှူးထံသို့ လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။


စိုးမိုး(ပြန်/ဆက်)