နေပြည်တော် ၂၁ မတ် 


မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရန် နှစ်ရှည်စီမံချက်များချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီတွင် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကလေးအခွင့်အရေး ကာကွယ်နိုင်စေရေးအတွက် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးရန် လိုပါကြောင်း၊ ကျောင်းပြင်ပရောက် ကလေးသူငယ်များကို ပညာသင်ကြားပေးနေသော လုပ်ငန်းများသည် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် အထောက်အပံ့ဖြစ်ပါကြောင်း၊ ကလေးအလုပ်သမား ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ ဆင်းရဲမှုနှင့် ပညာရေး အသိပညာနည်းပါးမှုလည်း ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီအနေဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက  လုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အသေးစိတ်စီမံချက် ရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။ 


(သတင်းစဉ်)