နေပြည်တော် ၂၁ မတ်
မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးအသိပညာမြှင့်တင်ရေး နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအချင်းချင်း သဘောထားအမြင်များ၊ အတွေ့အကြုံများ မျှဝေနိုင်ကြရန်နှင့် ပိုမိုအကျိုးဖြစ်ထွန်းရန် ညှိနှိုင်းဆောင်ရွက်ရေးအတွက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများကြားတွင် မူဘောင်တစ်ရပ်ချမှတ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း။
ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းသည် ပြည်သူလူထု၏ လုပ်ကိုင်နိုင်စွမ်းအားကို မြှင့်တင်ပြီး ကျန်းမာရေးအသိပညာမြင့်မားပါက ကျန်းမာရေးကို ထိခိုက်စေသည့် အပြုအမူများကို ရှောင်ကျဉ်လာပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးမှုပုံစံများ ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် သွေးတိုး၊ ဆီချို၊ နှလုံးရောဂါ စသည့် နာတာရှည်ရောဂါများဖြစ်မည့် အလားအလာနည်းပါးသွားမည်ဖြစ်ကြောင်း။
ကျန်းမာရေးအသိပညာ မြှင့်တင်ရာတွင် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲနှင့် Myanmar Health CSOs Network တို့သည် နားလည်မှုရှိရှိ အချိတ်အဆက်မိမိ လှုပ်ရှားဆောင်ရွက်နိုင်ပါမှ မျှော်မှန်းထားသည့် Universal Health Coverage ကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း နည်းပညာပိုင်းကို အဓိကတာဝန်ယူသွားမှာဖြစ်ပြီး အခြားလိုအပ်သော ပံ့ပိုးမှုများကိုလည်း ဖြည့်ဆည်းပေးနိုင်ရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကို မတ်(၂၂)ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
(သတင်းစဉ်)


