မြစ်ကြီးနား ၂၁ မတ်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ဦးခန်လင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက မြစ်ကြီးနားလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြစ်ကြီးနားမြို့တော်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)၊ ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆောင်ရွက်နေသည့်အချိန် ဖြစ်ပါကြောင်း၊ ယင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လိုသည့် ဆန္ဒဖြင့် မိမိတို့ လာရောက်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ တရားမျှတမှု၊ လုံခြုံမှု၊ ပျော်ရွှင်မှု၊ အခွင့်အရေး တန်းတူညီမျှမှုဖြစ်ပါကြောင်း၊ ပြည်ထောင်စုစနစ် ဆိုသည်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သာတူညီမျှခွင့်များ ပေးထားသည့် စနစ်တစ်ခုဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် အထောက်အပံ့ဖြစ်သကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်ခြင်းသည်လည်း ဒီမိုကရေစီစနစ်ခိုင်မြဲရေးကို အားပေးခြင်းဖြစ်ပါကြောင်း၊ ခေတ်ဟောင်း၊ စနစ်ဟောင်းမှ ခေတ်သစ်၊ စနစ်သစ်ကိုကူးပြောင်းရာတွင် အခက်အခဲ၊ အကျပ်အတည်းများရှိပါကြောင်း၊ ယင်းအခက်အခဲ အကျပ်အတည်းများကို စိတ်ပျက်အားငယ်မနေဘဲ ကျရာတာဝန်ကို ထမ်းဆောင်ကြသူအားလုံးက ထိုအခက်အခဲများသည် မိမိတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကိုပြသရန် အခွင့်အလမ်းတစ်ခုအဖြစ် သဘောပေါက်ပြီး ဆောင်ရွက်ကြစေလိုပါကြောင်း၊ မည်သည့်အသွင်ကူးပြောင်းရေးတွင်မဆို အစကနဦးကာလတွင် အခက်အခဲများရှိကြပါကြောင်း။
အခက်အခဲ အကျပ်အတည်းများကို ကြုံတွေ့ရသည့်အခါ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကိုအချို့က နှောင့်နှေးမှု၊ တုံ့ဆိုင်းမှု၊ ဝန်လေးမှုနှင့် စိုးရိမ်မှုများ ရှိနိုင်ပါကြောင်း၊ ယင်းမှာ စိုးရိမ်စရာမဟုတ်ပါကြောင်း၊ မိမိတို့သည် ပြုပြင်ပြောင်းလဲမှုကို ရန်သူသဖွယ် စိုးရိမ်ကြောင့်ကျစရာ မလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ကောင်းဆွေကောင်းဆိုသည်ကို သဘောပေါက်စေလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် ခြိမ်းခြောက်မှု၊ အန္တရာယ်ပြုမှုမဟုတ်ဘဲ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတစ်ခုအဖြစ် နားလည်စေလိုပါကြောင်း။
နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပြုပြင်ပြောင်းလဲမှု ရေစီးကြောင်းအပေါ်တွင် လိုက်ပါနိုင်မှသာ အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ပါကြောင်း၊ လိုက်ပါနိုင်ခြင်းမရှိပါက အခွင့်အလမ်းများ ဆုံးရှုံးမည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုတွင် အုပ်ချုပ်မှုအပိုင်း၊ ဥပဒေပြုရေးအပိုင်း၊ တရားစီရင်ရေးအပိုင်းဟူ၍ အပိုင်း ၃ ပိုင်းရှိပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် မိမိတို့လိုလားသော ပြုပြင်ပြောင်းလဲရေးသည် တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပြုသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုပါကြောင်း။
တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပြုသည့် အုပ်ချုပ်ရေးစနစ်တွင် မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ အုပ်ချုပ်စေလိုပါကြောင်း၊ မိမိတို့သွားလိုသည့် အုပ်ချုပ်ရေးသည် ပြည်သူလူထုကို မျက်နှာမူပြီး ပြည်သူလူထုကို အကျိုးပြုသည့် အုပ်ချုပ်ရေးယန္တရား ဖြစ်စေလိုပါကြောင်း၊ မိမိတို့ လိုလားသည့် အုပ်ချုပ်ရေးစနစ်သည် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရား လုံးဝမဖြစ်စေလိုပါကြောင်း။ ပြည်သူလူထုကို အကျိုးမပြုသည့်စနစ်ဖြင့် အုပ်ချုပ်ပါက ဒီမိုကရေစီစနစ်နှင့် များစွာကွာခြားသွားမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးပိုင်းအနေဖြင့် သတိထားရမည့် အချက်ဖြစ်ပါကြောင်း။
ဥပဒေပြုရေးအပိုင်းတွင် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေရှိပါကြောင်း၊ ထိုဥပဒေများအတိုင်း ကျင့်သုံးရန် လိုအပ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်ပါက အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ မဏ္ဍိုင်တစ်ခုနှင့်တစ်ခု မပြေလည်မှုများဖြစ်နိုင်ပါကြောင်း၊ ထို့အတူ တရားစီရင်ရေး မဏ္ဍိုင်တွင်လည်း လွတ်လပ်သည့်တရားစီရင်ရေးဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသည့်အတွက် မိမိတို့ မှန်မှန်ကန်ကန် အကောင်အထည်ဖော်ရန်လိုပါကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရန်နှင့် မစွက်ဖက်ရန် လိုအပ်ပါကြောင်း။
လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်မှသာ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ တရားစီရင်ရေး အပိုင်းတွင်လည်း ဘက်မလိုက်သည့် တရားစီရင်ရေး ဖြစ်စေလိုပါကြောင်း၊ ရာထူး၊ ငွေကြေး၊ မျက်နှာကြီးငယ်၊ အသားအရောင်၊ ဘာသာတရားခွဲခြားမှုမရှိဘဲ တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆုံးဖြတ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဥပဒေနှင့်အညီဖြစ်ရမည် ဖြစ်ပါကြောင်း၊ ဥပဒေ၏ ရှေ့မှောက်တွင် အားလုံးတန်းတူ ညီတူဖြစ်မှသာ ဒီမိုကရေစီစနစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ ဥပဒေ၏ အထက်တွင်မည်သူမျှ မရှိရပါကြောင်း၊ တရားမျှတမှုရှိသည့် လူအဖွဲ့အစည်း တည်ဆောက်နိုင်မှသာ ဒီမိုကရေစီစနစ်ခိုင်မြဲမည် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုအစိုးရ၏ မူဝါဒကို အကောင်အထည်ဖော်ရပါကြောင်း၊ ဌာနဆိုင်ရာများကိုလည်း ညွှန်ကြားကြပ်မတ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု ကောင်းသည်နှင့်အမျှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ရှေးရှုဆောင်ရွက်ရန်နှင့် မိမိတာဝန်မိမိကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စနစ်တစ်ခုကို ပြောင်းလဲရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍မရပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသား အားလုံးပါဝင်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံသည် ဒီမိုကရေစီရေစီးကြောင်းတွင် တိုးတက်မှုများရရှိမည်ဖြစ်ပါကြောင်း။
တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုသည့် ၃ ခုသည် တစ်ခုနှင့်တစ်ခု အခန်းကဏ္ဍချင်း ချိတ်ဆက်ထားပါကြောင်း၊ တစ်ခုကျိုးပေါက်ပါက ကျန်အချက်များ ကျိုးပေါက်ခံရပါကြောင်း၊ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရေးကို ပိုမိုတည့်မတ်ရမည် ဖြစ်ပါကြောင်း။
အကျဉ်းထောင်များတွင် ရှိသည့် အကျဉ်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးနှင့် စပ်လျဉ်း၍ တရားသူကြီးများက စစ်ဆေးကြပ်မတ်မှသာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း အကောင်အထည် ပေါ်လာမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်းများက အမှုထမ်းများ၏ ခံယူချက်ကို ပြောင်းလဲပေးရန်၊ ပြုပြင်ပေးရန်၊ လမ်းညွှန်ပေးရန်လိုပါကြောင်း၊ ခံယူချက်များကို ပြောင်းလဲပြီး လုပ်ငန်းများကို တည့်မတ်နိုင်မှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွင် “နိုင်ငံတော်က မိမိတို့ကို ဘာလုပ်ပေးနိုင်သည်ဆိုခြင်းထက် မိမိတို့က နိုင်ငံတော်အတွက် ဘာလုပ်ပေးနိုင်မည်ဆိုသည်ကို” အလေးအနက်ထား ရန်လိုပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံသူနိုင်ငံသားများက မိမိတို့ကို တာဝန်ပေးထားသည်ကို သဘောပေါက်ရမည်ဖြစ်ပါကြောင်း၊ အချုပ်အခြာအာဏာသည် ပြည်သူများထံမှ ဆင်းသက်ပါကြောင်း။
လုပ်ပိုင်ခွင့်ကို အာဏာထင်ပြီး လုပ်ပါက အောင်မြင်နိုင်စရာမရှိပါကြောင်း၊ တာဝန်ပေးခြင်းကို လုပ်ပိုင်ခွင့်ဟုထင်ခြင်း၊ ရာထူးကို အာဏာဟုထင်ခြင်း စသည့်အတွေးအခေါ်အယူအဆ ဖြစ်လာပြီဆိုပါက မိမိတို့ လုပ်သည့်အလုပ်သည် မှန်ကန်နိုင်စရာမရှိပါကြောင်း၊ ပြည်နယ်အစိုးရများ၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ မြန်ဆန်မှုအပေါ် မူတည်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်သည့်အတိုင်း ပြည်နယ်သူ၊ ပြည်နယ်သားများ၏ အကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု ညံ့ဖျင်းသည်နှင့်အမျှ ဒီမိုကရေစီ ဆုံးရှုံးသွားနိုင်ပါကြောင်း။
ကောင်းမွန်သည့် အုပ်ချုပ်မှုတစ်ခုဖြစ်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရမည် ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် အလုပ်တစ်ခုကို လုပ်မည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိရမည်၊ အကျိုးသက်ရောက်မှု ကောင်းသည် ဆိုးသည်ကို ကြိုတင်ခန့်မှန်းနိုင်မှုရှိ ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်နယ်အစိုးရကလည်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် ပြည်နယ်ဥပဒေချုပ်နှင့် တိုင်ပင်သင့်ပါကြောင်း၊ ငွေကြေးများ သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်ညီစေရန် ပြည်နယ်စာရင်းစစ်ချုပ်နှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့အားလုံးသည် တာဝန်ကို ကျေပွန်အောင် ကဏ္ဍကိုယ်စီတွင် ပီပီပြင်ပြင် လုပ်ဆောင်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က လွှတ်တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှုများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တရားလွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တရားစီရင်ရေးပိုင်းအနေဖြင့် အမှုများကို မှန်မှန်နှင့်မြန်မြန် ဆုံးဖြတ်ကြရန်လိုကြောင်း၊ ကြန့်ကြာနေမှုများ မဖြစ်ကြစေလိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် သက်သေခံ ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာ အလေအလွင့်မဖြစ်အောင် ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်လိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိနှင့်သက်ဆိုင်သည့် နယ်မြေများသို့ သွားရောက်ပြီး ပြည်သူများနှင့် ထိတွေ့ကြစေလိုကြောင်း၊ သိမ်းဆည်းမြေများ ပြန်လည်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ မူးယစ်ဆေးဝါး၊ သစ်နှင့် ကျောက်စိမ်းကိစ္စများကို မျက်နှာလွဲမနေဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း။
စစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေး၊ နေထိုင်ရေးနှင့် စာဝတ်နေရေး ကိစ္စရပ်များကို ဂရုစိုက်ပေးစေလိုကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် လုံခြုံရေး ကိစ္စများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ မဏ္ဍိုင်သုံးရပ်လုံးတွင် ကန့်သတ်ချက်များရှိသဖြင့် လုပ်ပိုင်ခွင့်များကို ကျော်လွန်၍ မလုပ်ဆောင်ရန်လိုကြောင်း၊ ယခုလို အခွင့်အရေးရသည့် အချိန်ကာလတွင် မိမိဒေသ၊ မိမိပြည်နယ်၊ မိမိပြည်ထောင်စု အကျိုးကို ရှေးရှုပြီး နိုင်ငံသူ နိုင်ငံသားများအတွက် မိမိမည်မျှတာဝန်ကျေခဲ့သလဲ ဆိုသည်ကို စဉ်းစားကြစေလိုကြောင်း၊ မိမိပခုံးပေါ်သို့ ကျရောက်လာသည့် သမိုင်းပေးတာဝန်များကို မိမိဖြတ်သန်းသည့် ကာလတစ်ခုတွင် မည်မျှကျေပွန်စွာ လုပ်ဆောင်ခဲ့သည်ကို နောင်မျိုးဆက်သစ်များက တန်ဖိုးဖြတ်မည်ဖြစ်သည့်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားပြီး နိုင်ငံတော်သမ္မတက တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ဆေးရုံဆိုင်ရာ အချက်အလက်များ၊ ကုသရေးနှင့် ရောဂါကာကွယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဆေးရုံတက်ရောက်ကုသမှု ခံယူနေကြသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် လေးထပ်ဆောင်သစ်တည် ဆောက်နေမှုကို ကြည့်ရှုပြီး ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
(သတင်းစဉ်)


