ရန်ကုန် ၂၁  မတ်

မြန်မာနိုင်ငံအနှံ့အပြားရှိ ကဗျာဆရာများသည် မတ် ၂၁ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကဗျာများနေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုမှုများကို ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂအသင်းသည် ယနေ့မွန်းလွဲ ၂ နာရီက ကမ္ဘာ့ကဗျာများနေ့ (၂၀၁၉) အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ လိပ်ပြာကန်ကျောင်းကြီးတိုက်တွင် ကျင်းပခဲ့ပြီး ကဗျာလူငယ်များ စုစည်းတည်ထောင်သည့် တနင်္ဂနွေကဗျာဝိုင်းသည် ကမ္ဘာ့ကဗျာများနေ့ အထိမ်းအမှတ်အဖြစ် ကဗျာစာအုပ်မိတ်ဆက်ပွဲနှင့် ကဗျာရွတ်ဆိုပွဲကို ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် ဆက်လက်ကျင်းပသည်။

မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂအသင်းက ကျင်းပသည့် ကမ္ဘာ့ကဗျာများနေ့ အခမ်းအနားတွင် ကဗျာဆရာများဖြစ်ကြသည့် ဆရာအောင့်ချိန့်၊ ဆရာသစ္စာနီ၊ ဆရာမောင်ပြည့်မင်း၊ ဆရာမိုဃ်းဇော်၊ ဆရာမိုးကျော်သူ၊ ဦးဇင်းတေးသီငှက် (မင်းဟန်ထွန်း) တို့က မုဒိတာစကားပြောကြားခြင်း၊ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂအသင်း ဥက္ကဋ္ဌ ဆရာမိုဃ်းဇော်က သသဏ်လွှာဖတ်ကြားခြင်း၊ ကဗျာဆရာ ၃၂ ဦးက ကဗျာရွတ်ဖတ်ခြင်း၊ ကဗျာဆရာများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ကဗျာလူငယ်များ စုစည်းတည်ထောင်သည့် တနင်္ဂနွေကဗျာဝိုင်းသည် ကမ္ဘာ့ကဗျာများနေ့ အခမ်းအနားအဖြစ် ကဗျာဆရာ အောင်ဇင်မင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ဆရာမဖြူမွန်၊ ဆရာမ ပန်ဒိုရာက မုဒိတာစကားပြောကြားခြင်း၊ လူငယ်ကဗျာ Aသင်၏ ကဗျာစာအုပ်မိတ်ဆက်ခြင်း၊ ကဗျာဆရာ ၂၁ ဦးတို့က ကဗျာရွတ်ဆိုခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..လှမိုး

 

mdn