နေပြည်တော်   ၂၂  မတ်

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ၊ ကိုရီးယားစက်မှုဘဏ် (IBK)၊ အလှူရှင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO)များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စိတ်ပါဝင်စားကြသူများ တက်ရောက်ကြသည်။

1

အခမ်းအနားတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခု နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲသည် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ပြုလုပ်ခဲ့ပြီးဖြစ်သော ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲ (၉)ခု၌ ဆုရရှိခဲ့သော MSMEs များကို ထပ်မံယှဉ်ပြိုင်ပြီး နိုင်ငံတော် အဆင့်ဆုများ ရွေးချယ်ချီးမြှင့်သွားမည့် ပြပွဲ၊ ပြိုင်ပွဲဖြစ်ကြောင်း၊ ယခုလို MSMEs ပြပွဲ၊ ပြိုင်ပွဲများကို ဒေသ အလိုက်မှသည် နိုင်ငံတော်အဆင့်အထိ ကျင်းပပြုလုပ်ရခြင်းသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒပါ ဒုတိယအချက်ဖြစ်သော “အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီ ပေးရန်” ဆိုသည့် မူဝါဒ နှင့်အညီ MSME များ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ဒေသအသီးသီးရှိ ထုတ်လုပ်မှုကဏ္ဍများနှင့် ရောင်းဝယ်မှုကဏ္ဍများ အချင်းချင်းချိတ်ဆက်မှုဖြစ်လာရေး၊ MSME များ၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာရေး၊ နည်းပညာနှင့် စီးပွားရေး ဆိုင်ရာ အသိဉာဏ်မြင့်မားမှု နှင့်အတူ ပြည်တွင်း၊ ပြည်ပ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လာနိုင်ရေး၊ သွင်းကုန် အစားထိုး ထုတ်ကုန်များ ပိုမိုများပြားလာရေးနှင့် တီထွင်ကြံဆမှု၊ စွန့်စားမှုများနှင့် ဆန်းသစ်သည့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရေးတို့ကို မျှော်မှန်းပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း။

MSME ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ထုတ်ကုန်များကို လုပ်ငန်းကော်မတီ၏ အသိအမှတ်ပြု အမှတ်တံဆိပ် (MSME Logo) အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း၊ Logo ကို အသုံးပြုခွင့်ဆုရရှိသည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်က တုံ့ပြန်လာသော အကြံပြုချက်များကို လက်ခံပြီး စားသုံးသူအကြိုက် အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများ ဖြစ်ရေးအတွက် မိမိလုပ်ငန်း၏ အားသာချက်ကို အကောင်းဆုံး ဝန်ဆောင်မှုများနှင့် စဉ်ဆက်မ ပြတ်တိုးတက်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း။

ယခုလိုဆောင်ရွက်မှသာ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ရည်မှန်းချက် အမှတ်စဉ်(၂)ပါ “တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး အခြေအနေကောင်းများ ရရှိရေးဆောင်ရွက်ရန်” ဆိုသည့်အချက်ကို လက်တွေ့အကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး ရေးဆွဲလျက်ရှိရာ ယခုဆိုရင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ရေးဆွဲပြီးဖြစ်ကြောင်း၊ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ဆက်လက်ရေးဆွဲလျက်ရှိကြောင်း၊ ယခုလို မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်း သည် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသအလိုက် ဦးစားပေးကဏ္ဍများအပေါ် ထိထိရောက်ရောက် ပံ့ပိုးကူညီ ပေးသွားနိုင်မည်ဖြစ်ပြီး နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် လက်တွဲပူးပေါင်း လုပ်ဆောင်နိုင်ရေးကို ဖိတ်ခေါ်ဆောင်ရွက်သွားနိုင်မည်ဖြစ်၍ MSME လုပ်ငန်းများအတွက် အလွန်အကျိုးရှိစေမည်ဖြစ်ကြောင်း။

MSME များအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိရန် ချေးငွေအစီအစဉ်များ ဆောင်ရွက်ပေး လျက်ရှိရာ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြစ်သည့် SME ချေးငွေကျပ် ဘီလီယံ ၃၀ ၊ အပေါင်မဲ့ အာမခံစနစ်(CGI) ချေးငွေကျပ် ၇ ဒသမ ၃၉၃ ဘီလီယံ၊ ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ချေးငွေအဖြစ် JICA Two Step Loan ချေးငွေဂျပန်ယန်း ဘီလီယံ ၂၀ ၊ မြန်မာ့စီးပွားရေးဘဏ် ချေးငွေကျပ်ဘီလီယံ ၂၅၀၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ စိုက်ပျိုးရေးချေးငွေကျပ်ဘီလီယံ ၂၀ဝ ၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW) ချေးငွေယူရို  ၁၅ ဒသမ ၃၀ သန်း စသည့်ချေးငွေများကို ပြည်တွင်း ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းပြီး MSME လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် အလှူငွေထည့်ဝင် လှူဒါန်းခဲ့သော ကုမ္ပဏီများနှင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသော INGO များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

2

3

ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ အတွင်း၌ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

4

5

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် MSME လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကျင်းပခဲ့ရာ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်တို့တွင် စုစုပေါင်း (၉) ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 
(နန္ဒဇင်)