ကန်ကြီးထောင့် ၂၂ မတ်
စားသုံးသူပြည်သူများ ဘေးဥပဒ်ဖြစ်သော အစားအသောက်များ အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒေါက်တာ မျိုးထွန်းကျော်(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော အဖွဲ့နှင့် ကန်ကြီးထောင့်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူတို့ ပူးပေါင်းကာ မတ် ၂၁ ရက်၊ နံနက် ၉ နာရီက ဒါးကကျေးရွာ၊ ဒါးကဈေးသို့ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒါးကကျေးရွာ အတွင်းရှိ မုန့်ဖိုများနှင့် ဈေးအတွင်း ရောင်းချနေသော မုန့်ဟင်းခါးဖတ်များ၊ ခေါက်ဆွဲဖတ်များ၊ပဲပြား၊ အမဲသွေး၊ မျှင်ငါးပိ၊ မျှစ်၊ နနွင်းမှုန့်နှင့် စားဆီများတွင် ခွင့်မပြုဓာတု ပစ္စည်းများ သုံးစွဲထားခြင်း ရှိ/မရှိ ကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခဲ့ရာ ဓာတုဆေးဝါးများ ပါဝင်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် ငြုပ်သီးမှုန့်နှင့် သံသယရှိဖွယ် အစားအသောက်များကို တိုင်းဒေသကြီး (FDA) ဓာတ်ခွဲခန်းတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကာ စစ်ဆေးတွေ့ရှိချက်များကို ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းသိရှိရသည်။
နန်းထိုက် (KGD)


