ထီးလင်း ၂၂ မတ် 


ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဂန့်ဂေါခရိုင်အတွင်း စိုက်ပျိုးရေး နည်းပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျှက်ရှိရာ မတ် ၂၁ ရက် မွန်းလွဲ ၁ နာရီက ထီးလင်းမြို့နယ် တောရောင်းကျေးရွာအုပ်စု ထန်ပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ရာ ဂန့်ဂေါခရိုင် သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်က စပါးပင်ရှည်ရောဂါအကြောင်းနှင့် စနစ်တကျ ကာကွယ်နှိမ်နင်းနည်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း နည်းများနှင့် ပိုးသတ်ဆေး စနစ်တကျ အသုံးပြုနည်းများကို ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများအား အပင်ရောဂါ မှိုသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ 


ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုးက မြေဆီလွှာပြုပြင် ထိန်းသိမ်းရေး နည်းပညာများနှင့် ဓာတ်မြေသြဇာနှင့် သဘာဝ မြေသြဇာများ စနစ်တကျအသုံးပြုရေးတို့ကို လည်းကောင်း၊ ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ဦးက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များအကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးရေးတို့ကို လည်းကောင်း ပညာပေးဆွေးနွေးခဲ့သည်။


ပညာပေးဆွေးနွေးပွဲသို့ တောင်သူ ၅၀ ခန့် တက်ရောက်ပြီး စိတ်ပါဝင်စားစွာ ပြန်လည်မေးမြန်း ဆွေးနွေးကြကြောင်းနှင့် တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


စိန်ကျော်