မြောင်းမြ   ၂၂  မတ်    

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန  မြောင်းမြမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ( International Day of Forests (21 st March 2019 ) အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့  မွန်းလွဲ ၁ နာရီက  မြောင်းမြမြို့နယ် မုဆိုးကွင်းကျေးရွာအုပ်စု၊ မြေတံတားကြီးကျေးရွာ၊ မြို့ဦး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

အသိပညာပေးဟောပြောပွဲတွင် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုဦးစီးမှူး ဦးဟယ်နီစိုးက အမှာစကားပြောကြားခြင်း၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးမြင့်သန်းကိုက "အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့"နှင့် ပတ်သက်၍ သိကောင်းစရာများ ပြောကြားခြင်းနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားရေး၊ သစ်တောစိုက်ခင်းများနှင့် မိမိစိုက်ပျိုးထားသည့်အပင်များကို မိမိပိုင်ဆိုင်မှုအတွက် မှတ်ပုံတင်ထားရှိခြင်း ဆောင်ရွက်ရေး ဆွေးနွေးပြောကြားပြီး  မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သစ်တောကြိုးဝိုင်းအနီးရှိ ဘုရားငုတ္တိုကျေးရွာ၊ မုဆိုးကွင်းကျေးရွာ၊ မြေတံတားလေးကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ရေပြာစမ်းကျေးရွာတို့မှ ဒေသခံ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်နေ့ကို "သစ်တောများနှင့် ပညာရေး" ဟူ၍  ဆောင်ပုဒ်သတ်မှတ်ထားပြီး သက်ရှိလောက တည်မြဲရေး၊ ရာသီဥတု သာယာလှပရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ မြေဆီလွှာနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းရေး၊ သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစသည့် လုပ်ငန်းများအတွက် သစ်တောများ၏ အရေးပါသည့် အခန်းကဏ္ဍမှ  ပြည်သူများ အသိအမြင် တိုးပွားလာရေးအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးမြင့်သန်းကို ပြောကြားချက်အရ သိရသည်။

 

အောင်မင်း (မြောင်းမြ )

 

IMG-f7caa2