မုံရွာ ၂၂ မတ်
၂ဝ၁၉ ခုနှစ် ဧပြီလတွင် ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်၌ ကျင်းပမည့် ချင်းတွင်းသင်္ကြန်တွင် မြန်မာ့ရိုးရာ ဆင်အလှပြ၊ မြန်မာ့ရိုးရာ နွားလှည်းအလှပြ၊ မြင်းခင်းသဘင်နှင့် လှေခင်းသဘင်များကို ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ချင်းတွင်းသင်္ကြန် အဖွင့်ပွဲကို တာဝန်ယူ လုပ်ကိုင်လျက်ရှိသော ကိုမျိုးမင်းထိုက်၏ ပြောကြားချက်အရ သိရသည်။
''ချင်းတွင်းသင်္ကြန် အဖွင့်ပွဲမှာ ဆင်အကပါမယ်၊ မြင်းခင်းသဘင်ပါမယ်၊ လှေခင်းသဘင်လည်းပါမယ်၊ မြန်မာ့ရိုးရာလှည်း အစီအစဉ်တွေလည်း ယခင်နှစ်နည်းတူပါမယ်၊ ယခုနှစ်မှာက မုံရွာမြို့ပေါ်မှာလည်း မြန်မာ့ရိုးရာ သင်္ကြန်ကလည်း ကျင်းပမှာဆိုတော့ ချင်းတွင်း သင်္ကြန်ကိုတော့ ဖျော်ဖြေရေး အစီအစဉ် သီးသန့်နဲ့ သွားမှာပါ၊ ဖွင့်ပွဲပြီး နောက်ပိုင်းမှာလည်း ဖျော်ဖြေရေး အစီအစဉ်တွေမှာလည်း အဆိုတော်တွေ အများကြီးပါတယ်၊ အားကစား အစီအစဉ်တွေ အနေနဲ့ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်းနဲ့ ဘော်လီဘော အပျော်တမ်းပြိုင်ပွဲတွေလည်း ထည့်သွင်း စီစဉ်ထားတယ်၊ ပြည်သူတွေအားလုံး လာရောက်ပြီး ရေကစားနိုင်မယ်၊ အားကစားလေးတွေလည်း လုပ်ဆောင်နိုင်ဖို့အတွက် စီစဉ်နေတယ်၊ စတုဒီသာမဏ္ဍပ်က မနှစ်ကတစ်ခုပဲရှိတယ်၊ အခုနှစ်မှာတော့ လူ ၅ဝဝဝဝ လောက် တစ်ပြိုင်နက်တည်း စားသောက်လို့ရမဲ့ မဏ္ဍပ်(၃)ခုပါမယ်၊ တစ်နေကုန် စားလို့ရအောင် စီစဉ်နေတယ်၊ ချင်းတွင်း သင်္ကြန်ကို မနှစ်ကထက် ပိုပြီးစည်ကားအောင် စီစဉ်နေပါတယ်'' ဟု ချင်းတွင်းသင်္ကြန် အဖွင့်ပွဲကို တာဝန်ယူ လုပ်ကိုင်လျက်ရှိသော ကိုမျိုးမင်းထိုက်က ပြောသည်။
၂ဝ၁၈ ခုနှစ် ချင်းတွင်းသင်္ကြန် အဖွင့်ပွဲတွင် မြန်မာ့ရိုးရာ နွားလှည်းယာဉ်တစ်မျိုးဖြင့်သာ ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် ချင်းတွင်းသင်္ကြန် အဖွင့်ပွဲကို ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ၄င်းအစီအစဉ်များကို ထပ်မံတိုးပြီး ထည့်သွင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


