နေပြည်တော် ၂၂ မတ်
အများပြည်သူ လုံခြုံရေး ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန် ပြည်သူတစ်ဦးချင်း အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုလျှင် SIM Card နှစ်ခုသာ ကိုင်ဆောင်ခွင့် ပေးမည်ဖြစ်ပြီး နှစ်ခုထက်ပို၍ မှတ်ပုံတင်ထားသည့် SIM Card များအား လာမည့် ဧပြီလမှစတင်၍ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
ယခုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုတည်းဖြင့် SIM Card အမြောက်အမြားကို မှတ်ပုံတင်၍ အခြားသူများကို တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိခြင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆင်းကတ်များကို ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူသုံးစွဲလျက် ရှိခြင်းတို့ကြောင့် မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများလုံခြုံရေးကို အကာအကွယ်ပေးရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဌာန၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
SIM Card များ စနစ်တကျ မှတ်ပုံတင်ရေး ဆောင်ရွက်ရာတွင် သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှန်ဖြင့်သာသုံးစွဲရေး၊ မိမိ၏စိစစ်ရေး ကတ်ပြား အမှတ်ဖြင့် အခြားသူများ မသုံးစွဲစေနိုင်ရေး၊ အခြားသူများ၏ ကတ်ပြားအမှတ်ဖြင့် သုံးစွဲနေပါကလည်း မိမိတို့၏နိုင်ငံသားစိစစ်ရေးကတ်ပြား အမှန်ဖြင့် မှတ်ပုံတင်နိုင်ရေး အတွက် သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများနှင့် ချိတ်ဆက် ဆောင်ရွက်သွားရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ များပြားလာရာ အဆိုပါ ကိစ္စရပ်များအား လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရန်၊ အများ ပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ရန်၊ SIM Card ပျက်စီး ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည်ရရှိသုံးစွဲ နိုင်ရန်တို့အတွက် SIM Card များကို စနစ်တကျမှတ်ပုံတင်၍ သုံးစွဲရန် ၂၀၁၆ ခုနှစ် သြဂုတ်လ မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(ဟန်လင်းနိုင်)


