ပြင်ဦးလွင် ၂၄ မတ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီအား လူထုထောက်ခံပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မန္တလေး-လားရှိုးလမ်း လွတ်လပ်ရေး ကျောက်တိုင်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူအင်အား (၅၀ဝ)ခန့် တက်ရောက်ကြသည်။

 

1

 

ရှေးဦးစွာ လူထုထောက်ခံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက နိုင်ငံတော်အလံအား ဦးညွှတ်အလေးပြုကာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း၊ လူထုထောက်ခံပွဲ ကျင်းပရေးဦးစီးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား၍ ကြွေးကြော်သံများ ရွတ်ဆိုကြသည်။ 

ဆက်လက်ပြီး စာရေးဆရာ ဆရာထင်လင်းဦးမှ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီအား လူထုထောက်ခံပွဲ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံ မြန်မာ့ရိုးရာဆိုင်းအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ 

2

အလားတူ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ထုတ်ဖော်ထောက်ခံပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၌ ကျင်းပရာ မွန်ပြည်နယ် ၁၀ မြို့နယ်မှ ပြည်သူလူထု (၅၀ဝ၀)ကျော်က စုရပ်ဖြစ်သော ကမ်းနားလမ်း ရေပေါ်ဈေးမှစတင်ကာ ထားဝယ်တံတားလမ်း၊ အောက်လမ်းမကြီးတစ်လျှောက် သံလွင်ဟိုတယ်လမ်း၊ အထက်လမ်းမကြီးမှ သံလွင်ဥယျာဉ်အတွင်းသို့ ငြိမ်းချမ်းစွာချီတက်၍ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်လုံးတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်လျက် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြပြီး သံလွင်ဥယျာဉ်အတွင်း လူထုထောက်ခံပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

(ပြန်/ဆက်)