ညောင်ဦး ၂၄ မတ်    

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ နွေရာသီကာလ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၂၄ ရက် နံနက် ၁၀ နာရီခွဲက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ရတနာဘုံစံ တောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ (ရေ/သွေး)ပရဟိတအသင်းမှ အသင်းအဖွဲ့သားများက ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

111

 

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ အခက်ကြုံနေသည့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သောက်သုံးရေ ကုသိုလ်ရှင်များဖြစ်သည့် ရန်ကုန်မြို့မှ ကရုဏာလက်များ လူမှုကူညီရေးနှင့် သွေးလှူရှင်အသင်း၊ အဖြူရောင်မေတ္တာရှင်များ ပရဟိတအဖွဲ့၊ သွေးပရဟိတ သွေးလှူရှင်အသင်းနှင့် အဖြူရောင်အွန်လိုင်း ပရဟိတအသင်းတို့မှ အလှူငွေများ ပံ့ပိုးလှူဒါန်းပေးကြောင်း သိရပြီး ယနေ့ နံနက်ပိုင်း သောက်သုံးရေအခက်ကြုံနေသည့် ကျေးရွာများဖြစ်သည့် ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာ၊ ကန်ကျဲကျေးရွာ၊ ခွေးပြုတ်ကျေးရွာ၊ ညောင်လှကျေးရွာ၊ ငါ့ပိုင်ကျေးရွာနှင့် ကျားခုတ်တဲတိုက်များသို့ သွားရောက်ကာ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် လှူဒါန်းပေးရာတွင် ပုဂံမြို့ ရတနာဘုံစံတောရကျောင်းမှ နာယကဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းက ပနီတွင်းကျေးရွာအတွက် ရေဂါလံ ၃၀ဝ၀၊ ကန်ကျဲကျေးရွာအတွက် ရေဂါလံ ၃၀ဝ၀၊ ခွေးပြုတ်ကျေးရွာအတွက် ရေဂါလံ ၄၅၀ဝ၊ ညောင်လှကျေးရွာအတွက် ရေဂါလံ ၄၀ဝ၀၊ ငါ့ပိုင်ကျေးရွာအတွက် ရေဂါလံ ၄၀ဝ၀၊ ကျားခုတ်တဲတိုက်အတွက် ရေဂါလံ ၃၀ဝ၀ စုစုပေါင်း ရေဂါလံ ၂၁၅၀ဝ အား ဒေသခံပြည်သူများကို စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းမင်းထွန်းထံမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)