ညောင်ဦး ၂၄ မတ်

 


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု၊ ရွှေတွင်းတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မျှဝေခြင်း အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် လေးလက်မ အဝီစိစက်ရေတွင်းအား မတ် ၂ ရက်က စတင်ကာ ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါ အဝီစိစက်ရေတွင်း တူးဖော်မှုလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းခန့် တူးဖော်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထံမှ သိရသည်။ 
    

 

ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု၊ ရွှေတွင်းတဲတိုက်သည် အိမ်ခြေ ၅၀၊ လူဦးရေ ၃၀ဝ နီးပါးခန့်ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် ယခုလို နွေရာသီကာလများတွင် အဝီစိစက်ရေတွင်း မရှိသည့်အတွက် သောက်သုံးရေရှားပါးမှု အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရသည့် တဲတိုက်တစ်ခုဖြစ်ကြောင်း အဆိုပါ ရွှေတွင်းတဲတိုက်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။ 
    

 

“ကျွန်တော်တို့ ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု၊ ရွှေတွင်းတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူတွေ အဝီစိစက်ရေတွင်း မရှိသည့်အတွက် သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရတယ်ဆိုတာ သိရလို့ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိအောင် မျှဝေခြင်းအလှူများ၏ ထောက်ပံ့လှူဒါန်းငွေဖြင့် လေးလက်မ အဝီစိစက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်နေပါတယ်။ အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ယခု ၂ ရက်က စတင်တူးဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာတော့ တွင်းတူးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါပြီ။ ကျန်ရှိသည့် ဂါလံ ၃၀ဝ၀ ဆံ့ ရေအုတ်ကန်နဲ့ အကျယ်အဝန်း (၆ ပေ × ၉ ပေ) ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး မကြာမီ ပြီးစီးတော့မှာပါ။ ဒါ့ကြောင့် လုပ်ငန်းပြီးစီးမှုအနေနဲ့ ပြောရရင်တော့ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပါပြီ။ ကျွန်တော်တို့ ဌာနအနေနဲ့ ဒေသခံကျေးလက်နေပြည်သူတွေ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ အမြန်သုံးစွဲခွင့်ရရှိစေရေးအတွက် ယခုလကုန်အပြီး ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဝီစိစက်ရေတွင်း တူးဖော်ပြီးစီးသွားရင် အလှူရှင်တွေလာပြီးတော့ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၄ ရက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာပါ” ဟု ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ပြောပြသည်။ 
    

 

ညောင်ဦးမြို့နယ် စုတည်ကျေးရွာအုပ်စု၊ ရွှေတွင်းတဲတိုက်တွင် မျှဝေခြင်း အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် ညောင်ဦးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ တူးဖော်ဆောင်ရွက်နေသည့် လေးလက်မ အဝီစိစက်ရေတွင်းမှာ မကြာမီရာနှုန်းပြည့် တူးဖော်ပြီးစီးတော့မည်ဖြစ်ရာ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိတော့မည်ဖြစ်၍ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း အဆိုပါ တဲတိုက်ရှိ စက်ရေတွင်း ရေကော်မတီဝင်တစ်ဦးထံမှ သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

a